လှုပ်ရှားမှု ပုံရိပ်များ
အရှင်ပညာနန္ဒ (ဆရာ မြသန်းစံ)… ပါမောက္ခချုပ်ဆရာတော်ဘုရားထံ သို့ ကြွရောက်ဖူးမျှော်ခဲ့စဉ်ဆွေးနွေးလျှောက်ထားခဲ့သည်များကို “ဓမ္မဓါတ်၏အရှိန်အဝါ” ခေါင်းစဉ်ဖြင့် ရေးသားမျှဝေထားသည်များ
အရှင်ပညာနန္ဒ (ဆရာ မြသန်းစံ)… ပါမောက္ခချုပ်ဆရာတော်ဘုရားထံ သို့ ကြွရောက်ဖူးမျှော်ခဲ့စဉ်ဆွေးနွေးလျှောက်ထားခဲ့သည်များကို “ဓမ္မဓါတ်၏အရှိန်အဝါ” ခေါင်းစဉ်ဖြင့် ရေးသားမျှဝေထားသည် ကို ထပ်မံ ဖေါ်ပြအပ်ပါသည်။
ဓမ္မဓါတ်၏အရှိန်အဝါ
🔹🔹🔹🔹🔹
သဘာဝငလျင်ဘေးအတွက် ဒုတိယအကြိမ်မြောက် စာနာထောက်ထားမှု အလှူတော် ခရီးစဥ်အတွင်း ပြင်ဦးလွင်ရောက်ခိုက် ခွင့်ကြုံအဖြစ် ပါမောက္ခချုပ်ဆရာတော်ကြီးအားဝင်ရောက်ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်။
ဆရာတော်ကြီးကတော့လောလောဆယ်
ဖူးမျှော်ခွင့်ပိတ်ထားပြီး လာလှူမယ့်သူတွေကို ငလျင်ဘေးခံခဲ့ရသူတွေဆီကိုပဲ သွားလှူကြဖို့ တိုက်တွန်းပြောဆိုတယ်လို့သိရပါတယ်။
ဆရာတော်ကြီးနဲ့မိနစ်-၂၀လောက်စကားပြော
ခွင့်ရခဲ့ပြီး ဆရာတော်ကြီးက လက်ရှိသူလုပ်နေတဲ့အလုပ်တွေရှင်းပြနေပါတယ်။
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် ဟောတရား ၈၂- ပုဒ်ကို အတွဲ၄-တွဲပါ စာအုပ်ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။
ဒါကို တစ်တွဲတည်းဖြစ်ေအာင် အစအဆုံး ပြန်လည်ပြင်ဆင် ဖြည့်စွက်ရေးသားနေတယ်လို့ ဆိုပါတယ်။ပြီးသွားရင်တော့ ဆရာတော်ကြီးရဲ့အားထုတ်မှုနဲ့အတူ ရသဆန်ဆန် ဗုဒ္ဓဝင်ကျမ်းစာတစ်အုပ်ဖတ်ခွင့်ရမယ်ထင်ပါတယ်။
“ဟောခဲ့တုန်းကတော့ နေရာမျိုးစုံမှာ ပရိသတ်မျိုးစုံကို ဟောခဲ့ရတော့ ဟောသူတစ်ဝက် ပရိသတ်တစ်ဝက်ပဲရခဲ့တာပေါ့။အခုပြန်ရေးလိုက်တဲ့အခါကျတော့ ကိုယ့်အတွက်ရာခိုင်နှုန်းအပြည့်ရသွားတယ်။အေးအေးဆေးဆေးအချိန်ယူလိုက်တော့ လိုတာတွေထပ်ဖြည့်လို့ရသွားတယ်”
“မှန်ပါ တပည့်တော်လည်း ပြောဟောတာထက် ရေးရတာကို ပိုနှစ်သက်ပါတယ်ဘုရား။စာရေးတာကျတော့ကိုယ့်ဘက်မှာလွတ်လပ်မှုအပြည့်ရနေတယ်ဘုရား။ရေးရင်းပြန်ဖတ်လို့ မှားသွားရင် ပြင်ဆင်ဖို့ အခွင့်အရေးလည်းရှိနေတယ်ဘုရား”
ဆရာတော်ကြီးဟာ ငယ်စဥ်ဘဝတုန်းက စာပေမျိုးစုံရေးနိုင်တဲ့ စာရေးဆရာတစ်ဦးပါ။အခုတော့သက်တော်လည်းကြီးလာ ကျန်းမာရေးကလည်းဂရုစိုက်နေရတော့ စာမရေးဖြစ်တာကြာပြီပေါ့။
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္ဆိရေးဖို့ပြင်ဆင်ထားခဲ့ပေ
မယ့် ကျန်းမာရေးနဲ့ သက်တော်ကြီးမြင့်လာမှုကြောင့် ဆိုင်းငံ့ထားရတဲ့အချိန်မှာ မိမိရောက်သွားခဲ့လို့ ဆရာတော်ကြီးရဲ့ အခက်အခဲကိုကူညီရင်း ဆရာတော်ကြီးရဲ့ “ဘဝခရီးနှင့် ဓမ္မဆီမီး” စာအုပ်ကိုရေးဖြစ်ခဲ့တာကို ပြန်အမှတ်ရမိနေပါသေးတယ်၊
အခုတော့ ကျန်းမာရေးကလည်းကောင်းလာ ပရိသတ်နဲ့လည်းအတွေ့မခံ၊ ပင့်ဖိတ်ပွဲတွေလည်းမကြွဖြစ်တော့ အချိန်ရသွားလို့လားမသိဘူး၊စာရေးတဲ့ဘက်ကို ပြန်လှည့်လာတာ ဝမ်းသာမိပါတယ်။
အသံအိုးလည်းကောင်းသွားပုံရပါတယ်။
အသံတွေ ပြေပြေပြစ်ပြစ်ထွက်လာတာ ကြားရပါတယ်။
“ဒါပြီးရင် ပေစ္စကဗုဒ္ဓါတွေရဲ့အကြောင်းတွေရေးရဦးမယ်”
“ဆရာတော်အရင်တုန်းက ပေစ္စကဗုဒ္ဓါတွေကြောင့် ဟောဖူးတယ်နော်။စာအုပ်လည်းထွက်ထားသေးတယ်နော်”
“ဟုတ်တယ်၊ အဲ့ဒါအကျဥ်းလေးပဲရှိသေးတယ်။အခုအဲ့ဒါကို အသေးစိတ် ပြည့်ပြည့်စုံစုံရေးဖို့ပြင်ဆင်နေတာ”
စာရေးကောင်းတဲ့ ဆရာတော်ကြီးရဲ့ဓမ္မရသစာပေ တွေကို ဖတ်ရမှာဖြစ်လို့ အထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဆရာတော်ကြီးဟာ တပည့်စာရေးဆရာဘုန်းကြီးကြွလာလို့ စာပေအကြောင်းတွေဆက်ပြီး ပြောနေချင်ပုံပါပဲ။
ဒါပေမယ့် မိမိတို့ “အပရာဇိတ ကုသိုလ်ပြုအဖွဲ့” ကလည်း မန္တလေး,စစ်ကိုင်းကို ငလျင်အလှူကိစ္စအတွက် ခရီးဆက်ဖို့ရှိတာရယ် ဆရာတော်ကြီးရဲ့ အဖိုးတန်တဲ့အချိန်တွေကို အနှောင့်အယှက်မပေးချင်တာရယ်ကြောင့် မိနစ်၂၀လောက်နဲ့ပဲစကားစဖြတ်လိုက်ရပါတယ်။
လှူဖွယ်ဝတ္ထုတွေပေးလှူချိန်မှာ ဆရာတော်ကြီးက မိမိတို့ အဖွဲ့ရဲ့ အပရာဇိတ logo တံဆိပ်ရိုက်ထားတဲ့ အဖြူရောင်တူညီဝတ်စုံတွေ တွေ့တဲ့အခါ-
“ဪ..အပရာဇိတ ကုသိုလ်ပြုအဖွဲ့တဲ့လား”
“မှန်ပါတယ်ဘုရား…logo ထဲမှာ အပ္ပမာဒဓမ္မရသမဂ္ဂဇင်း စာလုံးဖောင့်လည်းပါပါတယ်။ နောက်ပြီး
“မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား”ဆိုတဲ့ ဘုရားအဆူဆူရဲ့အဆုံးအမကို
မူဝါဒအဖြစ်ထားပါတယ်”
“အင်း..ကောင်းတာပေါ့”
ဆရာတော်ကြီးမြင်နိုင်ဖို့အတွက် အနားက
တပည့်ဖြစ်သူကို နောက်ကျောလှည့်ခိုင်းပြီး
ဝတ်စုံနောက်ကျောက စာတန်းကိုပြလိုက်တော့ ဆရာတော်ကြီးက ပြုံးနေပါတယ်။
ဆရာတော်ကြီးဆောင်ထားတဲ့ ဓမ္မဓါတ်ကြောင့် ဆရာေတာ်ကြီးကို ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ကျန်းကျန်းမာမာနဲ့ ဖူးတွေ့ခဲ့ရတဲ့အတွက်-
မိမိအပါအဝင် အပရာဇိတကုသိုလ်ပြုအဖွဲ့သားအားလုံး ဆက်ပြီးလုပ်ရမယ့် ကုသိုလ်ခရီးအတွက်
အားတက်ရွှင်လန်း စိတ်အေးချမ်းခဲ့ရပါတော့တယ်…။
MTS.APPAMADA
28.4.2025