လှုပ်ရှားမှု ပုံရိပ်များ
သကျဓီတာဗုဒ္ဓကောလိပ် – Sakyadhītā Buddhist Collegeသကျဓီတာဗုဒ္ဓကောလိပ် ပထမအကြိမ်ဘွဲ့နှင်းသဘင်နှင့် ဒီပလ်ိုမာ အောင်လက်မှတ်ချီးမြှင့်ပွဲ၌ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့် ဘွဲ့နှင်းသဘင် ဩဝါဒကထာ
သကျဓီတာဗုဒ္ဓကောလိပ် – Sakyadhītā Buddhist Collegeသကျဓီတာဗုဒ္ဓကောလိပ် ပထမအကြိမ်
ဘွဲ့နှင်းသဘင်နှင့် ဒီပလ်ိုမာ အောင်လက်မှတ်
ချီးမြှင့်ပွဲ၌ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်
ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့် ဘွဲ့နှင်းသဘင် ဩဝါဒကထာ 🙏🏻
🏆 သကျဓီတာဗုဒ္ဓကောလိပ်တက်ရောက်ပြီးတော့ ဗုဒ္ဓရဲ့အဆုံးအမများကိုသင်ယူကျက်မှတ်လို့
တတ် ကျွမ်း နားလည်တဲ့အလျောက် ဒီပလိုမာနဲ့
ဘီအေဘွဲ့တို့ကို အပ်နှင်းတဲ့အချိန်အခါကာလမှာ ပညာသင် ကြားတတ်မြောက်လာရလို့ အသိအမှတ်ပြုတဲ့အောင်လက်မှတ်၊
ထိုက်တန်တဲ့ဘွဲ့လက်မှတ်တို့ကို ခံယူကြမယ့်ဆရာလေးများ သူတော်စင်များကို ဦးတည်ပြီးတော့ ဗုဒ္ဓရဲ့အဆုံးအမနဲ့ပတ်သက်တဲ့ ဩဝါဒစကားအနေနဲ့ ပြောကြားရမယ်ဆိုရင်
ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကို သင်ယူခွင့်
ရတယ်ဆိုတာ အင်မတန်မှ ကံကောင်းတယ်။
🪷 လောကကြီးမှာ လူ (၉) ယောက်ရှိတဲ့အနက်မှာ (၈) ယောက်လောက်က အခွင့်အရေးတွေဆုံးရှုံးပြီးတော့ (၁) ယောက်သာလျှင် Opportunity လို့ခေါ်တဲ့ အခွင့်ကောင်းကိုရရှိကြတာဖြစ်ပါတယ်။
မြတ်စွာဘုရားအဆုံးအမနဲ့ကြုံတွေ့ပြီး ဗုဒ္ဓတရားတော်တွေကို သင်ယူခွင့် လေ့လာခွင့် လိုက်နာကျင့်သုံးခွင့်ရရှိကြတဲ့ အခွင့်အရေးဟာ (၉) ယောက်ထဲမှာ (၁) ယောက်ဘဲရတယ်လို့ဆိုပါ တယ်။ မိမိတို့ ကိုယ်တိုင်က (၈) ယောက်က အခွင့်အရေးတွေဆုံးရှုံးထားလို့ ကိုယ်ရတဲ့အခွင့်အရေး တွေကို တန်ဖိုးရှိရှိ မြတ်မြတ်နိုးနိုးလေးစား လိုက်နာဖို့က အင်မတန်မှအရေးကြီးပါတယ်။
🪷 လောကမှာ တန်ဖိုးကိုသိမှလည်းဘဲ တန်ဖိုးရှိတယ်လို့ တန်ဖိုးရှိတာကို တန်ဖိုးကိုသိမှသာလျှင် တန်ဖိုးအလျှောက် လိုက်နာနိုင်ကြမှာဖြစ်ပါတယ်။
အခွင့်ကောင်းဆိုတာ အစဥ်ထာဝရကြုံတွေ့နေတာ မဟုတ်ပါဘူး။ အင်မတန်မှခက်ခဲပါတယ်။ ခုလိုကြုံတွေ့လာတဲ့အချိန်လေးမှာ အခွင့်သာလို့ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကို သင်ခွင့်ရတဲ့အချိန်လေးမှာ များများလည်းသင်ကြရမှာဖြစ်ပါတယ်။
🌱 မှတ်မိအောင်လည်း သင်ကြရမှာဖြစ်ပါတယ်။ 🌱 မှတ်မိသမျှလည်း အဓိပ္ပါယ်သိအောင်ကြိုးစားကြရမှာ။
🌱 အဓိပ္ပါယ် သိသမျှလည်း လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။
🌱 များများလည်းသင်၊
မြန်မြန်လည်းသင်၊
ကြိုးလည်း ကြိုးစား မှတ်မိအောင်လည်း ကြိုးစား၊
သိသမျှကိုလည်း လိုက်နာကျင့်သုံး
လောကကြီးမှာ မြတ်စွာဘုရားကိုယ်တိုင်က တန်ဖိုးရှိတဲ့စကားက လိုက်နာမှသာလျှင် တန်ဖိုးအပြည့်အဝရနိုင်မယ်။
🪷 မလိုက်နာလို့ရှိရင်တော့ အပေါ်ယံအဆင်းအရောင်လှပပြီးအမွှေးရနံ့ကောင်းမရှိ တဲ့ပန်းလိုဘဲ၊ ပန်ဆင်ရတဲ့ပုဂ္ဂိုလ်အတွက် မလိုက်နာရင် ကောင်းကျိုးအပြည့်အဝရမှာ မဟုတ်ဘူး
ဆိုတာကိုတော့ သတိချပ်ကြရမှာဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာ လိုက်နာမှ တန်ဖိုးကတက်မှာဖြစ်ပါတယ်။
🪷 သိရုံနဲ့လည်းမရ မြတ်စွာဘုရားတရားတော် တွေကိုလေ့လာတဲ့အခါမှာ
🌱 လေ့လာသင်ယူခြင်းက ပထမ၊
🌱 မှတ်သားထားခြင်းက ဒုတိယ၊
🌱 အနက်အဓိပ္ပါယ်စဥ်းစားခြင်းက တတိယ၊
🌱 လိုက်နာကျင့်သုံးခြင်းက စတုတ္ထ၊
အဲဒီအချက် (၄) ချက် အပြည့်အဝလုပ်ဆောင်နိုင်မှသာလျှင် တန်ဖိုးကိုအပြည့်အဝရမှာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ မိမိတို့သင်ယူထားတဲ့အတတ်ပညာရဲ့တန်ဖိုးက လောကမှာရှိသမျှ အတတ်တွေနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင် တန်ဖိုးကြီးမားတယ်လို့ပြောရမှာဖြစ်ပါတယ်။
🪷 ဘာဖြစ်လို့လဲဆိုရင် တခြားပညာရပ်တွေက လောကမှာ အခွင့်သာနိုင်ပါတယ်။ ရနိုင်တဲ့အနေအထား တွေအများကြီးရှိပါတယ်။ မြတ်စွာဘုရားရဲ့အဆုံးအမဆိုတဲ့ ဗုဒ္ဓဓမ္မကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ပြီးမှ ဘုရားတစ်ဆူဆိုတာပေါ်နိုင်တာ။ အဲဒီလောက်ကြိုးပမ်းမှ ရလာတဲ့ အသီးအပွင့်တွေကို ကြားနာခွင့်ရတယ်ဆိုတာ အင်မတန်မှ တန်ဖိုးကြီးပါတယ်။
🪷 ဒါကြောင့်မို့ အထူးမှာကြားလိုတာကတော့
ဒီကနေ့အောင်လက်မှတ်နဲ့ ဘွဲ့လက်မှတ်များကို ရယူကြမယ့်ဆရာလေးတွေကော အမျိုးသမီးတွေ အမျိုးသားတွေကော ကိုယ်သင်ထားတဲ့ ပညာရပ် ကို တန်ဖိုးရှိရှိနဲ့ သင်ထားတဲ့ ဆုံးမထားတဲ့ အဆုံးအမအတိုင်းလိုက်နာကျင့်သုံးဖို့ လိုအပ်တယ် ဆိုတာလေး ရင်ထဲနှလုံးထဲမှာ မှတ်သားထားဖို့လိုပါတယ်။
🏆 ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ် အောင်မြင်မှုရတယ်ဆိုတာ အချက် (၅) ချက်အပေါ်မှာ မူတည်တာ ဖြစ်ပါတယ်။ ဘယ်ပညာဘဲသင်သင် လူတစ်ယောက်ဟာ သူ့မှာအရည်အချင်း (၅) ရပ်ရှိရမယ်။
🪷 နံပါတ် (၁) က ကိုယ်လုပ်တဲ့လုပ်ငန်းပေါ်မှာ ယုံကြည်ချက်ခိုင်မာရမယ်။ ယုံကြည်ချက်ရှိမှ လုပ်မှာဖြစ်တယ်။
ဒါ့ကြောင့်မို့ ခိုင်မာတဲ့ယုံကြည်ချက်ရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်ချက်မရှိရင် ဘယ်ကိစ္စမှ မဖြစ်နိုင်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်တောင်မှဘဲ တရားဟောတော့မယ်ဆိုတဲ့ အခါ မှာ ယုံကြည်ချက်ရှိဖို့ အရင်တိုက်တွန်းတာ။
🪷 “ယေ သောတဝန္တော ပမုဉ္စန္တု သဒ္ဓံ” –
ငါသိတဲ့တရားတွေဟာ အင်မတန်မှ နက်နဲတယ်။ ဒါ့ကြောင့်မို့ နားထောင်လိုတဲ့ သိလိုတဲ့ ပုဂ္ဂိုလ်တွေဟာ ယုံကြည်ချက်ကိုထားကြရမယ်။ ယုံကြည်မှု က ပထမဖြစ်တယ်။ ဒါ့ကြောင့် ယုံကြည်မှုကိုအခြေခံဖို့လိုတယ်။
🪷 ထို့တူဘဲ သကျဓီတာဗုဒ္ဓကောလိပ်မှာ တက်ရောက်ပြီးတော့ ပညာသင်ယူကြတဲ့
သီလရှင် ဆရာလေးတွေ သူတော်စင်တွေ
နံပါတ် (၁) ယုံကြည်မှုခိုင်မာရမယ်။ တကယ်တန်ဖိုးရှိတယ်ဆိုတာလည်းယုံကြည်ရမယ်။ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ မြတ်နိုးဖွယ်ရှိတယ်ဆိုတာလည်း ယုံကြည်ရမယ်။
ဟောတဲ့အတိုင်းဖြစ်တယ်ဆိုတာလည်း ယုံကြည်ရမယ်။ အဲဒီ ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီးတော့ တတ်မြောက်နားလည်သည်ထိအောင် နောက်ဆုံးမှာ ပါရဂူမြောက်တတ်မြောက်သွားအောင်သင်မယ်ဆိုတဲ့ ကြီးမားတဲ့ လုံ့လဝီရိယထားဖို့ လိုအပ်ပါတယ်။
🪷အဲတော့ ယုံကြည်ချက်ရှိရုံနဲ့ရလားဆိုတော့
မရသေးဘူး။ နောက်ထပ်ရှိရမယ့်အရည်အချင်း က ဘာလဲဆိုတော့ ကျန်းမာရေး။ ကျန်းမာမှလုပ်
နိုင်တာဖြစ်တယ်။ ယုံကြည်မှုက ပထမ၊
ကျန်းမာမှု က ဒုတိယ၊
ကျန်းမာသန်စွမ်းမှသာလျှင် အသိပညာ၊ အတတ်ပညာတစ်ခုကို ရနိုင်တာဖြစ်ပါတယ်။ တရားထူးတရားမြတ်ရဖို့ဆိုရင်လည်း ကျန်းမာရမှာဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်တွေကို သင်ယူတဲ့ အခါမှာလည်း ကျန်းမာရေးက အင်မတန်မှ အရေးကြီးပါတယ်။ ဒုတိယက ကျန်းမာရေး။
🪷 တတိယကဘာလဲဆိုတော့ ရိုးသားဖြောင့်မတ်
မှု။ ပညာရပ်နဲ့ပတ်သက်ရင် ဖြစ်စေ ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ်ရိုးသားဖြောင့်မတ်မှုက အင်မတန်မှအရေးကြီးတယ်။ ကိုယ်မသိရင်မသိတာ ကိုယ်သိ တာကို သိတာ ရှင်းရှင်း လင်းလင်း ရိုးရိုးသားသား ကိုယ့်ကိုယ်ကိုယ်ပေါ်မှာ လှည့်စားမှုမပါဘဲနဲ့ မသိ တာမသိဘူး၊ သိတာသိတယ်ဆိုတဲ့ ရိုးသားဖြောင့်မတ်မှုက တတိယအချက်ဖြစ်ပါတယ်။
🪷 နောက်ပြည့်စုံရမယ့် စတုတ္ထအချက်ကတော့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယဘဲ။ လုံ့လ ဝီရိယမရှိရင် ဘယ်အရာမှမဖြစ်ပါဘူး။ လုံ့လ ဝီရိယဆိုတဲ့နေရာမှာ ကြိုးစားအားထုတ်မှုဆိုတဲ့ နေရာ မှာ စနစ်တကျ ကြိုးစားအားထုတ်ဖို့တော့ လိုအပ်တယ်။ ကြိုးစားအားထုတ်မှုဆိုတဲ့နေရာမှာ စတင် လုပ်တာကစပြီးတော့ ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်မအောင်မချင်း နောက်မဆုတ်ဘူးဆိုတဲ့ စိတ်ဓာတ် ကလိုအပ်ပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်မရောက်မချင်း ရပ်နားခြင်းမရှိ ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။
🪷 အဲဒီနေရာမှာ မြတ်စွာဘုရားဟောကြားထားတဲ့ထဲမှာ အရိုးကြေကြေ အရေခန်းခန်း ကိုယ့် ရည်မှန်းချက် မပေါက်မချင်း နောက်မဆုတ်ဘူး
ဆိုတဲ့စကားဟာ အသေခံပြီးလုပ်ရမယ်ပြောတဲ့ စကားမျိုးမဟုတ်ဘူး။ ဆိုလိုတာက ကိုယ့်ရည်မှန်းချက်ပန်းတိုင် မရောက်ဘဲနဲ့ ရပ်နားသွားလို့မဖြစ်ဘူးပြောတာ။
🪷 အဲဒီနေရာမှာ တစ်ချို့က ‘အတ္တကိလမထ’ နဲ့ရောပြီးတော့ တွေးတတ်ကြတယ်။ မြတ်စွာဘုရား ဆိုလိုတဲ့အဓိပ္ပါယ်က ကိုယ့်ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ရပ်တန့်မပစ်ဖို့ ဆက်လက်ပြီးတော့ သွားနေတယ်။ ဒီလိုဆိုလိုတယ်။
🪷 ဆိုပါစို့၊ စာပေတစ်ခုလေ့လာတဲ့အခါမှာ ဘယ်အတိုင်းအတာထိတတ်အောင် လေ့လာမယ် ဆိုရင် အဲဒီအတိုင်းအတာကို မရောက်မချင်း နောက်မဆုတ်နဲ့။ ဆက်လက်ပြီးတော့ ကြိုးစားနေရမယ်။ Persevere ဆိုတာ ဇွဲနဲ့သွားတာကိုပြောတာ။ အဲဒီ ဝီရိယမျိုးကိုဆိုလိုတယ်။ မအိပ်မနေ ဒုက္ခခံ ပြီးတော့ ကြိုးစားတာပြောတာမဟုတ်ဘူး။ ဘုန်းကြီးတို့တော့ အဲလိုသဘောပေါက် တယ်။ နို့မို့ဆိုရင် ကြိုးပမ်းအားထုတ်မှုတိုင်းက အောင်မြင်
သလားဆိုတော့ မအောင်မြင်ဘူး။ ဖြစ်နိုင်တာနဲ့
မဖြစ်နိုင်တာရှိတယ်။
🪷 ဘုရားအလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကျော်လို့ရှိရင် ဟိုဖက်မှာ ဘုရား ဖြစ်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ မိန့်ကြားချက်ကို ရရှိပြီးတဲ့နောက်မှာ ဘယ်တော့မှနောက်မဆုတ်ဘူး။ ဘုရားဖြစ်သည်ထိအောင်ဆက်လက်လုပ်တယ်။ ဆိုလိုတာက မရပ်ရဘူး။ လုပ်သွားရ မယ်။ တစ်ခါထည်းနဲ့ ပင်ပန်းခံလုပ်တာပြောတာမဟုတ်ဘူး။ ဇွဲလို့ပြောတာပေ့ါ။ ဇွဲဆိုတာ စွဲစွဲမြဲမြဲ လုပ်ဆောင်တာ။
🪷ဒါ့ကြောင့်မို့ စာပေတွေထဲမှာဟောတယ်။
🌱 သက္ကစ္စကာရီ – တလေးတစားလုပ်တယ်။
🌱သဿတကာရီ – မပြတ်လုပ်တယ်။
🌱 နိရန္တရကာရီ – ကြားကာလမရှိရအောင်လုပ်တယ်။ ပုံမှန် လုပ်ဆောင်နေတဲ့ လုံံ့လ ဝီရိယရှိဖို့လိုအပ်တယ်။ ဒီပလိုမာအောင်ပြီးရင် BA၊ BA အောင်ပြီးရင် MA, MA အောင်ပြီးရင် ပါရဂူဘွဲ့ဆိုတာလို ပညာရပ်နဲ့ပတ်သက်ပြီးတော့ နောက်မဆုတ်ဘဲနဲ့ဆက်လက်ကြိုးစားရမယ်။
🏆 နောက်အရေးကြီးဆုံး နောက်ဆုံးအချက်ကတော့ ပညာဘဲ။ ပညာဆိုတဲ့နေရာမှာ (၃) မျိုးရှိ တယ်။ (၃) မျိုးပြတဲ့အထဲမှာ ‘ဇာတိပညာ’ ဆိုတာ ပင်ကိုယ်က တိဟိတ်ပဋိသန္ဓေနေပြီးတော့ အခြေခံ ပညာပါလာတယ်။ မွေးလာကတည်းက အသိဉာဏ်ပညာ အခြေခံကောင်းတဲ့ပုဂ္ဂိုလ်မျိုး။ ဒါဖြင့်ရင်အသိပညာမရှိတဲ့လူ မသင်ရဘူးလားဆိုရင် ဒါကပန်းတိုင်ရောက်ဖို့အတွက်ကိုပြောတာ။
မသိသေးတဲ့လူ သိအောင်လုပ်ရမှာဘဲ။ နောက်ဆုံးမှာ ပဋိသန္ဓေကပညာမပါတဲ့ပုဂ္ဂိုလ် မသင်ရဘူးလား၊ မဟုတ်ဘူး၊ သင်ရမယ်။ ဒီဘဝသင်လိုက်ရင် နောက်ဘဝ ပဋိသန္ဓေပညာကောင်းလာမှာဖြစ်တယ်။
🏆 ပညာ (၃) မျိုးပြထားတဲ့အထဲမှာ
‘ပဋိသန္ဓိပညာ’လို့ခေါ်တဲ့ မွေးကတည်းကပါလာတဲ့ပညာက အရေးကြီးတယ်၊ နံပါတ် (၁)။
အဲဒီပညာရှိရုံနဲ့ပြီးလားဆိုတော့ မပြီးသေးဘူး။
🏆 နောက်တစ်ခုက ‘ပါရိဟာရိယပညာ’ – အဆင့် ဆင့်ကြိုးစားပြီးတော့ တိုးပွါးလာအောင်လုပ်ရတဲ့ပညာ။
🏆 နောက်ဆုံးအဆင့်တော့ ‘ဝိပဿနာ ပညာ’ လို့ပြောတယ်။ အဲတော့စပြီး ပဋိသန္ဓိပညာပါရမယ်။ ပဋိသန္ဓိပညာပါမှ အထွတ်အထိပ်ကိုရောက်တယ်။ ပဋိသန္ဓိပညာမပါရင် မတတ်ဘူးလားဆိုတော့ တတ်တော့တတ်မယ်။ အထွတ်အထိပ် မရောက်ဘူး။ အဲလိုဆိုလိုတယ်။
🏆 အဲဒါကြောင့်မို့လို့ ပေါင်းစပ်လိုက်လို့ရှိရင် ယုံကြည်ချက်ခိုင်မာခြင်း၊
ကျန်းမာရေးကောင်းခြင်း၊
ရိုးသားဖြောင့်မတ်ခြင်း၊
ကြိုးစားအားထုတ်ခြင်း၊
အသိပညာအခြေခံကောင်းခြင်း
ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ် ဒီ (၅) ချက်ပြည့်စုံရမယ်။
🏆 ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါကျတော့ ဒီ (၅) ခုကိုဘဲ “ပဓာနိယင်္ဂတရား (၅) ပါး” လို့ ဟောတာ။ ပဓာနိယင်္ဂတရား (၅) ပါး ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်ကျမှလိုအပ်တာမဟုတ်ဘူး။ ဘယ်ကိစ္စမှာဘဲဖြစ်ဖြစ် ဒီအချက် (၅) ချက်နဲ့ဘဲ သွားရမယ်။ အဲဒါကြောင့်မို့ လူတိုင်းလူတိုင်းအတွက် ဒီအချက် (၅) ခုနဲ့ပြည့်စုံ အောင်
ကြိုးစားရမယ်။
🎤 နောက်တစ်ခုအထူးမှာလိုတာကတော့ သာသနာနွယ်ဝင်သီလရှင်ဆရာလေးတွေ၊ ဘုန်းကြီး တွေ၊ ဗုဒ္ဓရဲ့သူတော်စင်တို့ရဲ့အလှဟာ Tiktok မှာမရှိဘူးဆိုတာတော့ မှတ်ထားဖို့
လိုအပ်ပါတယ်။
🪷 သူတော်စင်တို့ရဲ့အလှအပသည် အသိပညာနဲ့ ဂုဏ်သိက္ခာမှာဘဲရှိပါတယ်။ အဲတော့ ပညာတတ်
ရင် လှပါတယ်။ ပညာတတ်မှ တကယ့်အလှ။
ဒါ့ကြောင့်မို့ ဆရာသမားတွေက တပည့်တွေကို ဆုံးမ ဩဝါဒပေးတဲ့အနှစ်ချုပ်က
🪷“ပါသာဒိကေန သမ္ပါဒေထ” – ကြည်ညိုဖွယ်ရှိတဲ့ ကိုယ်အမူအရာ၊ နှုတ် အမူအရာနဲ့ ပြည့်စုံအောင် ကျင့်ကြလို့ဆိုလိုတာ။ အဲဒါ ကြည်ညိုဖွယ်ဆောင်တယ်ဆိုတာ သာသနာမှာ နေထိုင်ကြတဲ့ ရဟန်းသံဃာဘဲဖြစ်ဖြစ်၊ သာသနာနွယ်ဝင်သီလရှင်တွေဘဲဖြစ်ဖြစ် ‘သံဝရ’ ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ စောင့်စည်းရမှာ။
🪷 စောင့်စည်းတယ်ဆိုတာဘာလဲ။
“အညော မေ အာကပ္ပေါ ကရဏီယော” –
ဒို့ရဲ့ အမူအရာဟာ သာမန်ပုဂ္ဂိုလ်တွေရဲ့ အမူအရာတွေနဲ့ မတူစေနဲ့။ ငြိမ်သက်အေးချမ်းတဲ့ သူတော်ကောင်းတရားတွေကိုကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမူအရာက အေးချမ်းရမယ် ငြိမ်သက်ရမယ်။ သူတို့ရဲ့အလှအပဟာ ငြိမ်သက်ခြင်းဘဲဖြစ်တယ်။ တည်ငြိမ် အေးချမ်းခြင်းဘဲဖြစ်တယ်။
🙏🏻 မြတ်စွာဘုရားက “ရုဏ္ဏသုတ်” မှာ ဟောထားတာရှိတယ်။
“ရုဏ္ဏမိဒံ ဘိက္ခဝေ အရိယဿ ဝိနယေ ယဒိတံ ဂီတံ” – ရဟန်းတစ်ပါးဘဲဖြစ်ဖြစ်၊ သီလရှင်တစ် ပါးဘဲဖြစ်ဖြစ် သီချင်းဆိုရင် ငိုနေတာလို့ဘဲ
မှတ်ပါ။ ကိလေသာနဲ့ ငိုကြွေးခြင်းကို ငိုကြွေးတာ။ သီချင်းဆိုတာ မဟုတ်ဘူး၊ မြတ်စွာဘုရားကဟောတာ ငိုတာတဲ့။ ဒါ့ကြောင့်မို့ သီချင်းဆိုခြင်းကိုမလုပ်မိအောင် သတိထားဖို့ပေါ့။ သီချင်း ဆိုမိရင် ငါဟာငိုနေတာဘဲလို့ သတိထား။
🪷 ‘ကတာ’ကျတော့ “ဥမ္မတ္တကမိဒံ ဘိက္ခဝေ
အရိယဿ ဝိနယေ ယဒိဒံ နစ္စံ” – ကတာတော့ အရူးတစ်ယောက်ရဲ့ အမူအရာဘဲလို့ ပြောတယ်။ အဲဒီ ဒေသနာ တော်တွေကို သတိထားဖို့လိုတယ် ပေ့ါ။ သီချင်းဆိုရင် ငါငိုကြွေးနေတာဘဲ။ ကမိရင် တော့ အရူးတစ်ယောက်လို ငါလုပ်မိနေပြီလို့ မြတ်စွာဘုရားဆုံးမထားတဲ့စကားက အဲဒါဘဲ။
🪷 အဲတော့ ‘သံဝရ’ ဆိုတာ စောင့်စည်းရမယ်။ မျက်စိအကြည့်အနေအထားလည်း စောင့်စည်း
ရမယ်။ နားကလည်း စောင့်စည်းရမယ်။ အားလုံးစောင့်စည်း၊ ကိုယ်အမူအရာ စောင့်စည်းရမယ်။ နှုတ်အမူအရာစောင့်စည်းရမယ်။ နောက်ဆုံးမှာတတ်နိုင်သမျှ စိတ်ပါစောင့်စည်းရမယ်။
စောင့်စည်း လိုက်သည့်အတွက်ကြောင့် ဘယ်ခါကြည့်ကြည့် သူတော်စင်တွေရဲ့အလှအပက ရှိနေတယ်။
🏆 ဒို့ရဲ့ အလှအပနဲ့ တစ်ခြားပုဂ္ဂိုလ်တွေရဲ့အလှအပ လောကကြီးမှာမတူဘူး။
မတူတာကို ကိုယ့်ရဲ့အလှအပ၊ ဒို့ရဲ့အလှအပ၊
စောင့်စည်းမှုသည်သာလျှင် ဒို့ရဲ့အလှအပဖြစ်တယ်ဆိုပြီးတော့ လောကလူအများစု လှပတာကို အတုယူအားကျတာမလုပ်ဖို့။ ဒါ့ကြောင့်မို့ သီလရှင်ဆရာလေးတွေ ဗုဒ္ဓရဲ့အဆုံးအမ အလှသည် Tiktok မှာမရှိပါဘူး။ ကိုယ်အမူအရာမှာဘဲရှိပါတယ်။
🏆 ဒို့သည် မြတ်စွာဘုရားရဲ့ သမီးတော် ‘သကျဓီတာ’၊ ‘သကျ’ ဆိုတာ မြတ်စွာဘုရားကိုရည်ညွှန်းတဲ့စကားဘဲ။ ဘုရားကို ‘သကျ ပုတ္တ’လို့ခေါ်တယ်။ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကို
‘သကျပုတ္တိယ’ လို့ ခေါ်တယ်။ အဲတော့ ‘သကျ’ ဆိုတဲ့စကားလုံးက မြတ်စွာဘုရားကို ရည်ညွှန်းတယ်။ သကျရဲ့သမီးတော်တွေ မြတ်ဗုဒ္ဓရဲ့ သမီးတော်တို့ရဲ့အလှသည် Tiktok မှာမရှိဘူး။
🏆သမီးတော်တို့ရဲ့အလှသည် တရားမှာဘဲရှိတယ်။ ငြိမ်သက်အေးချမ်းမှု၊ စောင့်စည်းမှုမှာသာရှိတယ်ဆိုတာလေးကို စွဲစွဲမြဲမြဲမှတ်သားပြီးတော့ သာသနာမှာတန်ဖိုးရှိတဲ့ တကယ့်သူတော်စင်တွေ၊ သာသနာပြုပုဂ္ဂိုလ်လောင်းတွေဖြစ်အောင်
ကြိုးစားအားထုတ်ဖို့တိုက်တွန်းရင်း ဘွဲ့ဩဝါဒကို
နိဂုံးချုပ်ပါတယ်။
🙏🏻 တပည့်ဒေါက်တာယုဇနဉာဏီ
Yuzana Nyani
ပြန်လည်ရေးသား
ပူဇော်ပါသည်။