လှုပ်ရှားမှု ပုံရိပ်များ
မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြား ထားရှိသည့် မဟာသတိပဋ္ဌာန် တရားတော် များကို ပါမောက္ခချုပ်ဆရာတော်ဘုရား သင်တန်း အဖြစ် ပို့ချထားရှိ
မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြား ထားရှိသည့် မဟာသတိပဋ္ဌာန် တရားတော် များကို ပါမောက္ခချုပ်ဆရာတော်ဘုရား သင်တန်း အဖြစ် ပို့ချထားရှိသည့် မဟာသတိပဋ္ဌာနသုတ္တန် သင်တန်း အနှစ်ချုပ်တွင်ပါရှိသည့် ကာယာနုပဿနာ ရှူမှတ်ရန် အာရုံ (၁၄) ခုက်ု ဖေါ်ပြအပ်ပါသည်။
ဝိပဿနာ တရား အားထုတ် ရာတွင် လွယ်ကူပြီး မိမိတို့၏ နေ့စဉ်ဘဝကို သတိ တရား အပြည့်ထား၍ ဖြစ်ပေါ်လာနေသောအာရုံများကို အမှတ်သတိ ဖြင့် ရှူမှတ်ခြင်းဖြင့်
နေ့စဉ် နေထိုင်သွားလာလှုပ်ရှား နေစဉ်အတွင်းမှာပဲ တရားအားထုတ်နိုင်စေရန် ရည်ရွယ် ပြီး ဆရာတော်ဘုရား ကြီးမှ သင်ပြထားခြင်းဖြစ်သည်။
မြတ်စွာဘုရား ဟောကြားထားရှိသည့် ဝိပဿနာ အားထုတ် နည်းများကို ပါဠိ ဘာသာမှ မြန်မာဘာသာဖြင့် သင်ပြထားရှိခြင်းကြောင့် လိုက်နာ ကျင့်သုံး အားထုတ်ရာတွင် ရာတွင် လွယ်ကူရှင်းလင်းနိုင်ကြစေရန် ဖြစ်သည်။
🔹တဏှာများပြီး၊ ဉာဏ်မထက်မြက်သည့် ပုဂ္ဂိုလ်သည် ကာယာနုပဿနာကို ရှုမှတ်ပါ၊
တဏှာများပြီး၊ ဉာဏ်ထက်မြက်သည့် ပုဂ္ဂိုလ်သည် ဝေဒနာနုပဿနာကို ရှုမှတ်ပါ။
ဒိဋ္ဌိစရိုက်များပြီး၊ ဉာဏ်မထက်မြက်သည့် ပုဂ္ဂိုလ်သည် စိတ္တာနုပဿနာကို ရှုမှတ်ပါ။
ဒိဋ္ဌိစရိုက်များပြီး၊ ဉာဏ်ထက်မြက်သည့် ပုဂ္ဂိုလ်သည် ဓမ္မာနုပဿနာကို ရှုမှတ်ပါ ဟု ပါရှိသည်။
🔹ကာယာနုပဿနာသည် ရူပက္ခန္ဓာကို ရှုမှတ်ရန် ဟောကြားသည်။
ဝေဒနာနုပဿနာသည် ဝေဒနာက္ခန္ဓာကို ရှုမှတ်ရန် ဟောကြားသည်။
စိတ္တာနုပဿနာသည် ဝိညာဏက္ခန္ဓာကို ရှုမှတ် ရန် ဟောကြားသည်။ဓမ္မာနုပဿနာသည် သညာက္ခန္ဓာ နှင့် သင်္ခါရက္ခန္ဓာတို့ကို ရှုမှတ်ရန် ဟောကြားသည်။
ကာယာနုပဿနာ
(၁) အာနာပါနပဗျဗ
ရှည်လျားစွာ အသက်ရှူသွင်းသည်ကို ရှည်လျားသော အသက်ရှူသွင်းသည်ဟု သိအပ်၏ ။
ရှည်လျားစွာ အသက်ရှူထုတ်သည်ကို ရှည်လျားသော အသက်ရှူထုတ်သည်ဟု သိအပ်၏ ။
🔹 တိုတောင်းစွာ အသက်ရှူသွင်းသည်ကိုလည်း တိုတောင်း စွာ အသက်ရှူသွင်းသည်ဟု သိအပ်၏ ။
🔹 တိုတောင်းစွာအသက်ရှူထုတ်သည်ကိုလည်း တိုတောင်း စွာ အသက်ရှူထုတ်သည်ဟု သိအပ်၏ ။
🔹 အလုံးစုံသော ဝင်လေထွက်လေကို ထင်ရှားသိလျက် ဝင်လေရှူသွင်းမည်ဟု ကျင့်ကြံကြိုးကုတ် အားထုတ် အပ်၏ ။
🔹 အလုံးစုံသော ဝင်လေထွက်လေကို ထင်ရှားသိလျက် ထွက်လေရှူထုတ်မည်ဟု ကျင့်ကြံကြိုးကုတ် အားထုတ် အပ်၏။
🔹 ထွက်လေဝင်လေဆိုတဲ့ ကာယသင်္ခါရကို ငြိမ်သက် သွားတဲ့အထိ ရှူသွင်းမည်ဟု ကျင့်ကြံကြိုးကုတ် အားထုတ်အပ်၏ ။
🔹 ထွက်လေဝင်လေဆိုတဲ့ ကာယသင်္ခါရကို ငြိမ်သက် သွားတဲ့အထိ ရှူထုတ်မည်ဟု ကျင့်ကြံကြိုးကုတ် အားထုတ်အပ်၏ ။
(၂) ဣရိယာပထပဗျဗ
🔹 သွားနေသည်ကို သွားနေသည်ဟု သိ၏ ။
🔹 ရပ်နေသည်ကို ရပ်နေသည်ဟု သိ၏ ။
🔹 ထိုင်နေသည်ကို ထိုင်နေသည်ဟု သိ၏ ။
🔹 လျောင်းစက်နေသည်ကို လျောင်းစက်နေသည်ဟု သိ၏ ။
🔹 ခန္ဓာကိုယ်၏ အစစအရာရာ အနေအထားတိုင်းကို သိအပ်၏ ။
ဣရိယာပထပဗ္ဗ ရှုမှတ်ပုံအဆင့်ဆင့်
🔹 ဣရိယာပုထ်တွေ ဖုံးထားတဲ့အတွက် ဒုက္ခလက္ခဏာ မပေါ်ခြင်းဖြစ်၏ ။
🔹 သွား/ ရပ်/ ထိုင်/ လျောင်းစက်နေတာ ဘယ်သူလဲ ဆိုတာ စူးစမ်းအပ်၏ ။
🔹 ဘယ်သူကမှ သွား / ရပ် / ထိုင် / လျောင်းစက်ခြင်း ပြုလုပ်သည် မဟုတ်ပါ။ သွား / ရပ် / ထိုင် / လျောင်းစက်ချင်တဲ့စိတ်က တောင်းဆိုခြင်းကြောင့် ဝါယောဓာတ်ကနေတဆင့် လှုပ်ရှားမှုကို ဖြစ်စေပြီး သွား / ရပ် / ထိုင် / လျောင်းစက်ခြင်းဖြစ်သည် ။
🔹 ပထဝီအာပေါဓာတ်သည် အောက်သို့ ဆွဲ၏။ တေဇော နဲ့ ဝါယောဓာတ်တို့သည် အပေါ်သို့ မြှောက်စေ၏ ။
🔹 ဝိပဿနာကို ကူးပြောင်းရာတွင် ဣရိယာပုတ် လေးပါးက ရုပ်တရား၊ ၎င်းကို အမှတ်သတိဖြင့် သိနေ သည်က နာမ်တရားဖြစ်သည်ဟု အဖန်ဖန် အထပ်ထပ် ရှုမှတ်အပ်၏
🔹 ဣရိယပုထ် လေးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းသည် ဒုက္ခသစ္စာ၊အဲဒီဒုက္ခသစ္စာကို ဖြစ်စေသည့် တဏှာသည် သမုဒယသစ္စာ၊အဲဒီ ဒုက္ခသစ္စာကို မှန်ကန်စွာ ရှုမြင်ခြင်း သည် မဂ္ဂသစ္စာ။ ထိုသို့ ရှုမြင်ခြင်းဖြင့် ဆိုက်ရောက် ရမည့် တရားသည် နိရောဓသစ္စာဖြစ်သည်။
(၃) သမျမဇာနပဗျဗံ
🔹 ရှေ့သို့ ရွှေ့ရာ၌၊ နောက်သို့ ဆုပ်ရာ၌ ဆင်ခြင်တုံ တရားဖြင့်ပြု၏ ။
🔹 ရှေ့တည့်တည့်ကြည့်တဲ့အခါ၊ တစောင်းကြည့်သည့် အခါ၌ ဆင်ခြင်တုံတရားဖြင့်ပြု၏။
🔹 လက်ခြေကွေးရာ၊ လက်ခြေ ဆန့်တန်းရာအခါ၌ ဆင်ခြင်တုံတရားဖြင့်ပြု၏ ။
🔹 အဝတ်အစား၊ အိုးခွက်ပန်းကန်တို့ကို ကိုင်တွယ် ယူဆောင်ရာမှာလည်း ဆင်ခြင်တုံတရားဖြင့် ပြု၏ ။
🔹 စားတဲ့အခါ၊ သောက်တဲ့အခါ၊ ဝါးတဲ့အခါ၊ လျက်တဲ့အခါ ဆင်ခြင်တုံတရားဖြင့်ပြု၏ ။
🔹 အခင်းကြီးအခင်းငယ်အမှု၌ ဆင်ခြင်တုံတရားဖြင့် ပြု၏ ။
🔹 သွားသည့်အခါ၊ ရပ်သည့်အခါ၊ ထိုင်သည့်အခါ၊ အိပ်သည့်အခါ၊နိုးလာသည့်အခါ၊စကားပြောသည့် အခါ တိတ်တိတ်နေစဉ်အခါ ဆင်ခြေတုံတရားဖြင့် ပြု၏ ။
ဤသို့လျှင် ကာယကို ကာယဟု
အဖန်ဖန် အထပ်ထပ် ရှုပါ။
(၄) ပဋိကုလမနသိကာရပဗျဗံ
🔹 မိမိ၏ကိုယ်ကာယကို ခြေဖဝါးမှ ဆံဖြားအထိ၊ ဆံဖြားမှ ခြေဖဝါးအထိ အရေပြားနှင့်လွှမ်းခြုံနေပုံ။
🔹 အမျိုးမျိုးသော မစင်ကြယ်သော အရာတို့ဖြင့် ပြည့်လျှက်ရှိပုံကို ဆင်ခြင်အပ်၏ ။
🔹 ဆံပင်၊ အမွှေး၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေထူအရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညို့၊ နှလုံး၊ အသည်း၊ အမှေး၊ အဖြည်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်)၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကြကုန်၏။
🔹 နှစ်ဖက်အပေါက်ရှိ အိတ်အတွင်း သလေး၊ ကောက်၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်၊ ကောက်ပဲ သီးနှံမျိုးစုံ ထည့်ထားပြီး ကြည့်ရှုပါက ကောက်ပဲသီးနှံကို ခွဲခြား မြင်ရသလို အရေပြားနှင့် လွှမ်းခြုံထားသည့် မိမိကိုယ် ကာယကို ကြည့်လျှင် ရွံရှာဖွယ် စသော အစိတ် အပိုင်းများကို မြင်ရ၏ ။
ပဋိကုလမနသိကာရပဗ္ဗံ ရှုမှတ်ပုံအဆင့်ဆင့်
· ဤသို့လျှင် မိမိသန္တာန်မှာဖြစ်နေတဲ့ ထွက်လေဝင်လေ ကို ကာယဟု အဖန်ဖန် အထပ်ထပ်ရှု၏ ၊
· သူတစ်ပါးသန္တာန်မှာဖြစ်နေတဲ့ ထွက်လေဝင်လေကို ကာယဟု အဖန်ဖန် အထပ်ထပ်ရှု၏ ။
· မိမိသန္တာန် သူတစ်ပါးသန္တာန်မှာဖြစ်နေတဲ့ ထွက်လေ ဝင်လေကို ကာယဟု အဖန်ဖန် အထပ်ထပ်ရှု၏ ။
· ထွက်လေဝင်လေ ဖြစ်ကြောင်းတရားကို ရှုမှတ်၏ ။
ကာယ၌ ထွက်လေဝင်လေ ချုပ်ကြောင်း အကြောင်း တရားကိုလည်း ရှုမှတ်၏။ ဖြစ်ကြောင်းတရား၊ ချုပ်ကြောင်း တရားနှစ်မျိုးလုံးကိုလည်း ရှုမှတ်၏ ။
· ကာယအပေါ်မှာ အမှတ်သတိသည် စွဲစွဲမြဲမြဲ တည်ရှိ နေ၏။ အသိဉာဏ်ဖြစ်ဖို့ အတိုင်းအတာတစ်ခုအတွက် သာတည်ရှိနေ၏ ။
· တဏှာ၊ ဒိဋ္ဌိနဲ့ အစွဲဖြင့် ရှိနေသည်မဟုတ်၊၊ လောက တွင် ဘာတစ်ခုမျှ တဏှာဒိဋ္ဌိနဲ့ စွဲလမ်းမှုမရှိ၊ ဤနည်း အားဖြင့် ကာယနုပဿနာကို အဖန်ဖန် အထပ်ထပ် ရှုမှတ်၏ ။
· ကာယသင်္ခါရ ဆိုသည်မှာ ဝင်လေထွက်လေကို ပြောခြင်း ဖြစ်သည်။ ထွက်လေဝင်လေ ရှိနေလို့ အသက်ရှင်နေသည် ။
· ဝါယောရဲ့ သဘာဝလက္ခဏာကို ရှုမှတ်အပ်၏။
· ရုပ်ကို မှတ်ယူပြီးသားဖြစ်ခြင်းဖြင့် သတ္တဝါဆိုတာ ပျောက်ကွယ်၏။ ဖြစ်ချင်းသဘောတရား ပျက်ခြင်း သဘောတရား သက်သက်မျှသာဖြစ်၏ ။
(၅) ဓာတုမန သိကာရပဗျဗံ
· ဤသို့ပင်လျှင် တည်နေတဲ့အတိုင်း၊ ထားရှိတဲ့အတိုင်း မိမိ၏ ကာယ၌ ပထဝီဓာတု ရှိ၏၊ အာပေါဓာတု ရှိ၏၊ တေဇောဓာတု ရှိ၏၊ ဝါယောဓာတု ရှိ၏ ။
· ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ အကူတပည့်သည်လည်းကောင်း၊ လမ်းလေးခွ၌ ထိုင်၍ အသား၊ အရိုး အစုအပုံအားဖြင့် ခွဲဝေ၍ ထိုင်နေသည်ဆိုပါစို့ ။
· ဤကာယကိုပင် သဘာဝ အနေအထားအတိုင်း ဆိုင်ရာ ဓာတ်သဘောအားဖြင့် ဤကာယ၌ ပထဝီဓာတ် သဘောသည်၊ အာပေါဓာတ်သဘောသည်၊ တေဇော ဓာတ် သဘောသည်၊ ဝါယောဓာတ် သဘောသည်ရှိ၏ ဟု ဆင်ခြင်စဉ်းစားအပ်၏ ။
ဤနည်းဖြင့်လည်း မိမိကာယကို ကာယဟု
အဖန်ဖန်အထပ်ထပ်ရှုမှတ်၍ နေပါ။
ဓာတုမနသိကာရပဗ္ဗံ ရှုမှတ်ပုံအဆင့်ဆင့်
· နွားဆိုတဲ့ အမှတ်သညာ ပျောက်သွာပြီး အသား ရောင်းတယ်လို့သာ သိတော့သကဲ့သို့ ဤသဘော အတိုင်းပင် အတုံးအခဲတွေက ပထဝီဓာတ် ဖွဲ့စည်းမှု၊ ယိုစီးမှုက အာပေါဓာတ်၊ ရင့်ကျက်စေမှုက တေဇော ဓာတ်၊ တွန်းကန်လှုပ်ရှားစေမှုက ဝါယောဓာတ် ဟုသာ သိ၏။ သတ္တသညာ ပျောက်သွားတဲ့အထိ ရှုမှတ်ပါ ။
· ပထဝီဓာတ်ကို ပထဝီဓာတ်ဟု သိနေသည့် နာမ် တရားကို သိနေအပ်၏။ မိမိရှုမှတ်နေသည့် နာမ်တရား ကို ပြန်လည် ရှုမှတ်နေအပ်၏။
· ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓာတ် သဘော သဘာဝတရားများကို ရှုမှတ်ခြင်းကြောင့် ဝိပဿနာ ကို တိုက်ရိုက်သွားဖြစ်ဖြစ်သည်။
· (၃၂) ကောဋ္ဌာသ ကို ရေတွက်ရာတွင် ၁ မှ ၂၀ အထိက ပထဝီဓာတု၊ ၂၁ မှ ၃၂ အထိ က အာပေါဓာတု ဖြစ်သည်။
(၆) နဝသိဝထိကပဗျဗ
(၁) သုဿန်သင်္ချိုင်း၌ သေပြီးတစ်ရက် ရပြီးသော၊ သေပြီး နှစ်ရက်ပြည့်ပြီးဖြစ်သော၊ သေပြီး သုံးရက်ရပြီး ဖြစ်သော အလောင်းကောင်၊ ရွံစရာ ဖူးဖူးရောင် ပုပ်ပွ၍ အညိုအကွက် ရွံစရာ ပြည်တွေ ယိုထွက်နေသော အလောင်းကောင်ကို မြင်တွေ့ရသလို မသေသေးသော မိမိကိုယ်ကိုပင် အသိဉာဏ်ဖြင့် နှိုင်းယှဉ်၍ “မိမိခန္ဓာ ကိုယ်သည်လည်း ဤသဘောကို မလွန်ဆန်နိုင်သဖြင့် ဤသဘောအတိုင်း ဖြစ်မည်”ဟု မိမိကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုမှတ်အပ်၏ ။
(၂) နောက်တစ်မျိုးအနေဖြင့် သင်္ချိုင်း၌ စွန့်ပစ်အပ်သော ကျီးငှက်တို့ ထိုးဆိတ်စားသောက်အပ်သော၊ လင်းတတို့
သည်၊ ငှက် ဒုံးစပ်တို့ ထိုးဆိတ်စားသောက်အပ်သော၊ ခွေးတို့သည်၊ ကျားတို့သည်၊ ကျားသစ်တို့သည်၊ မြေခွေး တို့သည်၊ ပိုးကောင်အမျိုးမျိုးတို့သည် စားသောက်အပ် သော အလောင်းကောင်ကို ကြည့်ပြီး မိမိကိုယ်ကိုပင် နှိုင်းယှဉ်စဉ်းစားအပ်၏။ “မိမိခန္ဓာကိုယ်သည်လည်း ဤသဘောကို မလွန်ဆန်နိုင်သဖြင့် ဤသဘာဝအတိုင်း ဖြစ်မည်” ဟု မိမိကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုမှတ်အပ်၏ ။
(၃) သင်္ချိုင်းတွင် စွန့်ပစ်အပ်သော အသား အသွေး ရှိနေသေးသော တွဲစပ်၍နေသော အရိုးစုများရှိနေသော ရုပ်အလောင်းကိုလည်းကောင်း၊
(၄) အရိုးချင်းထိစပ်နေကာ အသားမပါ သွေးသာရှိပြီး အကြောတို့နှင့် ဖွဲ့စည်းထားသော ရုပ်အလောင်းကို လည်းကောင်း၊
(၅) အရိုးချင်းထိစပ်နေပြီး အသားအသွေး မရှိဘဲ အကြောတို့နဲ့ ဖွဲ့စည်းထားသော ရုပ်အလောင်းကို လည်းကောင်း၊
(၆) အရိုးစုဖြစ်ကာ ဖွဲ့စည်းထားမှု မရှိတော့သော ဟိုဟိုဒီဒီ အရပ်ဌာနတို့၌ ပြန့်ကြဲလျက် လက်ရိုးက တစ်နေရာ၊ ခြေထောက်ရိုးက တစ်နေရာ၊ ခြေမဖျက် အရိုးက တစ်နေရာ၊ ဒူးရိုးက တစ်နေရာ၊ ပေါင်အရိုးက တစ်နေရာ၊ ခါးအရိုးက တစ်နေရာ၊ နံရိုးက တစ်နေရာ၊ ကျောရိုးက တစ်နေရာ၊ ပခုံးရိုးက တစ်နေရာ၊ လည်ပင်းရိုးက တစ်နေရာ၊ မေးရိုးက တစ်နေရာ၊ သွားအရိုးကတစ်နေရာ၊ ဦးခေါင်းခွံက တစ်နေရာ ဖြစ်နေပြီ ဖြစ်သော ရုပ်အကောင် ကို ကြည့်ပြီး မိမိကိုယ်ကိုပင် နှိုင်းယှဉ်၍ အသိဉာဏ်ဖြင့် ကြည့်၏။ “ဤခန္ဓာကိုယ်သည်ပင် ဤသဘောကို မလွန်ဆန်နိုင်သဖြင့် ဤသဘာဝအတိုင်း ဖြစ်မည်” ဟု မိမိကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုမှတ် အပ်၏ ။
(၇) သုဿန်၌ စွန့်ပစ်အပ်သော အရိုးစုသည် ခရုသင်း အဆင်းရှိ၍ ဖြူကုန်ရှုမြင်သကဲ့သို့
(၈) နှစ်လွန်ပြီး အရိုးတို့ အစုအပုံ ဖြစ်ကုန်သည်ကို ရှုမြင်သကဲ့သို့
(၉) ရုပ်အလောင်းအရိုးတို့သည် ဆွေးကုန်သော အမှုန့် ဖြစ်ကုန်သည်ကို မြင်ရသကဲ့သို့ မိမိကိုယ်ကိုပင် နှိုင်းယှဉ် ၍ အသိဉာဏ်ဖြင့် ကြည့်၏။ “ဤခန္ဓာကိုယ်သည်ပင် ဤသဘောကို မလွန်ဆန်နိုင်သဖြင့် ဤသဘာဝအတိုင်း ဖြစ်မည်” ဟု မိမိကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုမှတ်အပ်၏ ။
နဝသိထိကပဗ္ဗံ ရှုမှတ်ပုံအဆင့်ဆင့်
🔹 မိမိကာယ သူတစ်ပါးကာယမှာ ဒီအတိုင်းပဲဟု ကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှူမှတ် အပ်၏ ။
🔹 ရုပ်တရားတို့နှင့်ပတ်သတ်၍ ဖြစ်ခြင်းသဘော ရှိသည် ကိုလည်း မြင်၏၊ ဖြစ်ကြောင်းတရားကိုလည်း မြင်၏၊ ပျက်သွားသည့် သဘောကိုလည်း မြင်၏ ။
🔹 ဖြစ်မှုပျက်မှု ဖြစ်ကြောင်းတရား၊ ချုပ်ကြောင်းတရား တို့ကို ရှုမှတ်၍နေ၏။
🔹 အသိဉာဏ်ရဖို့ အတိုင်းအတာ တစ်ခုအတွက်သာ သတိသည် ရပ်တည်နေ၏ ။
🔹 တဏှာအတွေး ဒိဋ္ဌိအမြင် မရှိတော့ဘူး။ လောက အပေါ် စွဲလမ်းမှု တွယ်တာမှုတွေ တစ်ခုမှ မရှိတော့ ဘူး။
ကာယ၌ တွယ်ငြိနေသော ဥပါဒါန်တွေက လွတ်မြောက်သွားတဲ့အထိ ရှုမှတ်အပ်၏ ။
ဤနည်းအားဖြင့် ကာယ ကို ကာယဟု အဖန်ဖန်
အထပ်ထပ် ရှုမှတ်အပ်၏ ။
