လှုပ်ရှားမှု ပုံရိပ်များ
အသက်ရှင်နေတာကို ယစ်မူးခြင်း မဖြစ်ရအောင် ဘယ်လို လုပ်ရမလဲ?
🍒နပ္ပမဇ္ဇေယျ’၊ အခြေအနေ ကောင်းတဲ့အချိန်မှာ ယစ်မူးမနေနဲ့။ မဇ္ဇ-ယစ်မူးတယ်ဆိုတဲ့အဓိပ္ပာယ်က အခြေအနေတစ်ခုပေါ်မှာ စိတ်ပျော်ပြီးတော့ နေတာ။ လုပ်သင့်လုပ်ထိုက်တာတွေက အများကြီး ရှိတယ်။
🍒သို့သော် ဥပမာ ကျန်းမာနေတယ်၊ ကျန်းမာတဲ့အပေါ်မှာ စိတ်က ပျော်ပြီးတော့ လုပ်သင့်တာ လုပ်လားဆိုတော့ မဟုတ်ဘူး။ မကောင်းတာတွေလည်း လုပ်တယ်၊ စိတ်ပျော်ပြီးတော့ မကောင်းတာတွေ လုပ်တယ်၊ အဲဒီလို ယစ်မူးတယ်လို့ ခေါ်တယ်။
🍒စဉ်းစားကြည့်လေ၊ လူဟာ ကျန်းမာသန်စွမ်းနေတဲ့အချိန်နဲ့ မကျန်းမမာ မသန်မစွမ်းဖြစ်ပြီး ရောဂါဖြစ်တဲ့အချိန်နဲ့ မတူဘူးလေ။ ရောဂါဖြစ် မကျန်းမမာဖြစ်နေရင် ကိုယ့်ကိုယ် သေရတော့မှာလို့ဆိုတဲ့အခါမှာ သူက မမေ့လျော့တော့ဘူး။ ခါတိုင်းအချိန်ဆို ငါ မသေသေးဘူးထင်ပြီး သူက လုပ်ချင်ရာ လုပ်တယ်။ လုပ်ချင်တာ လုပ်တာကို ယစ်မူးတယ်လို့ ခေါ်တယ်။
🍒ကျန်းမာရင်လည်း ယစ်မူးတယ်၊ အသက်အရွယ် ငယ်ရင်လည်း ယစ်မူးတယ်၊ မသေဘူးလို့ ထင်တယ်။ ယစ်မူးမှုတွေက အဲဒီလို။ အသက်ရှင်နေသေးရင်လည်း ယစ်မူးတယ်၊ အသက်ရှင်မှုအပေါ်ç ကျန်းမာတဲ့အပေါ်မှာ ယစ်မူးတာကို အာရောဂျမဒလို့ ခေါ်တယ်။ အသက်အရွယ်ငယ်တဲ့အပေါ်မှာ ယစ်မူးတာကို ယောဗ္ဗနမဒလို့ ခေါ်တယ်။
🍒အဲဒါတွေကို ယစ်မူးနေတာတွေကို မယစ်မူးအောင် ဘယ်လိုလုပ်ရမလဲ? အသက်ရှင်နေတာကို ယစ်မူးခြင်း မဖြစ်ရအောင် ဘယ်လို လုပ်ရမလဲ?
🍒”ဇီဝိန်ထင်လင်း သက်ရှင်ခြင်းက သေခြင်းနောက်ဆုံး ရှိချေသည်တကား”။ ငါ အခုသာ အသက်ရှင်တာ၊ တော်ကြာ သေချင် သေနိုင်တယ်၊ အဲဒါကျ မယစ်မူးတော့ဘူးလေ။ငါ ထာဝရ အသက်ရှင်မှာ မဟုတ်ဘူး။ အချိန်မရွေး သေနိုင်တယ်ဆိုတဲ့အခါကျတော့ အသက်ရှင်နေတဲ့အပေါ်မှာ သူက စိတ်ထဲမှာ ယစ်မူး မေ့လျော့ပြီးတော့ မနေတော့ဘူး။
🍒 ”ရောဂါကင်းရှင်း ကျန်းမာခြင်းက ရောဂါဖြစ်ခြင်းလျှင် နောက်ဆုံး ရှိချေ၏”။ အခု ကျန်းမာနေပေမယ့် တော်ကြာ ကျန်းမာချင်မှ ကျန်းမာမှာဆိုတဲ့အတွေးလေးနဲ့ တွေးပြီးတော့ ကျန်းမာတဲ့အပေါ်မှာ မယစ်မူးနဲ့။
🍒 ”သက်ရွယ်အဆင်း နုပျိုခြင်းမှာ အိုခြင်းနောက်ဆုံး ရှိချေသည်တကား”။ အခု အသက်ငယ်နေပေမယ့် တစ်နေ့ကျတော့ အဖိုးကြီး, အဖွားကြီး ဖြစ်ကြရအုံးမှာပဲ။ အိုမင်းလာအုံးမှာပဲ ဆိုတော့ ကြိုတင်ပြီးတော့ တွေးထား။ အဲဒီတွေးခြင်းဟာ ယစ်မူးခြင်းကို ဖယ်ရှားလို့ရတယ်။ အမှန်တွေးတယ်လို့ခေါ်တယ်၊ အဲဒီလို ဆိုလိုတယ်။ ဒါကြောင့်မို့ ဒီမှာ ‘နပ္ပမဇ္ဇေယျ’၊ ဘယ်အရာမှ မေ့လျော့ပြီးတော့ မနေနဲ့၊ သတိအမြဲ ရှိနေပါ။
🍒 ဘယ်နေရာမှာ သတိရနေမလဲဆိုတော့ ”အထာသနေသု သယနေသု”၊ ဘယ်နေရာမှ မေ့မေ့လျော့လျော့ လုပ်ပြီးတော့ အိပ်တဲ့နေရာပဲဖြစ်စေ၊ ထိုင်တဲ့နေရာပဲဖြစ်စေ၊ ဘယ်နေရာပဲဖြစ်ဖြစ် မေ့လျော့ပြီးတော့ မနေနဲ့တဲ့။
ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားတော်မူသော ‘မဟာသမယဒေသနာ တုဝဋကသုတ် အနှစ်ချုပ် (အပိုင်း ၅)’ မှ မျှဝေပါသည်။
မဝေဝေလွင်နှင့် ကိုသူရိန်အောင်တို့မှ ရေးသားပူဇော်ပါသည်။
Transcribed by- Ko Thu Rein Aung
Typed by- WWL (25-Jun-2025)