လှုပ်ရှားမှု ပုံရိပ်များ
ဟာသတိပဋ္ဌာန သင်တန်းတရားတော် အားစာမျက်နှာ ၃၇၀ ကျော် ပါရှိသည့် စာအုပ် ထွက်ရှိထားရာတွင် စာအုပ်တွင်ပါရှိသည့် စီစဉ်ပူဇော်သူ၏ နိဒါန်းစကား
အရှင်ပညာနန္ဒ (ဆရာမြသန်းစံ) စီစဉ်ပူဇော်သည့်
ပါမောက္ခချုပ်ဆရာတော်ဘုရား သင်ကြားပို့ချထားရှိထားသော မဟာသတိပဋ္ဌာန သင်တန်းတရားတော် အားစာမျက်နှာ ၃၇၀ ကျော် ပါရှိသည့် စာအုပ် ထွက်ရှိထားရာတွင် စာအုပ်တွင်ပါရှိသည့် စီစဉ်ပူဇော်သူ၏ နိဒါန်းစကားအား ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
စီစဥ်ပူဇော်သူ၏ နိဒါန်းစကား
●●●●●●●●●●●●●●●●●●●●
မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်တရားတော် ၅-ပိုင်းကို ၂၀၀၉ခုနှစ်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဟောခဲ့ဖူး၏။၅-ညဆက်တိုက်ဟောခဲ့သော ထိုတရားတော်ကို လုံးကောက်ဖော်၍လည်း စာအုပ်ထုတ်ဝေခဲ့ဖူးပါသည်။
စာအုပ်ဖြစ်လာသောအခါ ဓမ္မပလ္လင်ထက်ဟောခဲ့စဥ်တုန်းက အကြောင်းအရာများကို ဆရာတော်ကြီးကိုယ်တိုင် စိစစ်တည်းဖြတ်လိုက်သဖြင့် ဖတ်ရသည်မှာ ကျစ်ကျစ်လျစ်လျစ် ရှိသွားခဲ့သည်။
များသောအားဖြင့် စင်မြင့်ထက်က ဟောတရားများကို စာအုပ်ပြန်ထုတ်ကြပြီးနောက် စာပေအဖြစ်ပြန်ဖတ်ရသည့်အခါ ကျစ်ကျစ်လျစ်လျစ် သိပ်မရှိလှပါ။ ဖတ်ရသည်မှာ ထောင့်တောင့်တောင့်နှင့် ပွယောင်းယောင်းဖြစ်နေတတ်၏။
မိမိသိရှိရသည်မှာ ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဟောတရားများကို စာအုပ်အသေး,အကြီး ,မည်သည့်ပုံစံပဲထုတ်ထုတ် ဆရာတော်ကြီးကိုယ်တိုင် ပြန်လည်စီစစ်တည်းဖြတ်ပြီးမှ ထုတ်ဝေစေခြင်းပင်။
ထို့ကြောင့်လည်း ဆရာတော်ကြီး၏ ဟောစဥ်တရားများသည်
စာအုပ်ဖြစ်လာသည့်အခါ ဖတ်ရမှတ်ရသည်မှာ ချောမွေ့နေခြင်းဖြစ်သည်။
မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် စာအုပ်ထွက်လာသောအခါ ဟောတရားအဖြစ် နာယူခဲ့စဥ်က နားလျှံသွားသောအကြောင်းအရာများနှင့် မိမိတို့ လက်လှမ်းမမှီနိုင်သော ပါဠိအသုံးအနှုံးအချို့ကို ပုံနှိပ်စာလုံး
ဖြင့်တွေရသည့်အတွက် မှတ်သားရသည်မှာအဆင်ပြေလှ၏။
သံသရာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့သွားသော တစ်ခုတည်းလမ်း, တစ်ကြောင်းတည်းသောလမ်းကိုညွှန်ပြသည့် မဟာသတိပဋ္ဌာနသုတ်သည်
မိမိအပါအဝင် တရားအားထုတ်နေကြသည့်ယောဂီများအတွက် အလွန်တန်ဖိုးရှိပြီး အထူးအရေးပါလှပါသည်။
ထို့ကြောင့်လည်း မိမိတစ်ဦးတည်းအနေဖြင့် ခေတ်အဆက်ဆက်,ဆရာတော်ကြီးအသီးသီး ရှင်းလင်းဟောကြားခဲ့သော မဟာသတိပဋ္ဌာနသုတ်ဆိုင်ရာ စာအုပ်အသီးသီးအား လက်လှမ်းမှီသလောက် ရှာဖွေလေ့လာ ဖတ်ရှုခဲ့ပါ၏။
ဤအထဲတွင် ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားခဲ့သော မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်စာအုပ်လည်းပါဝင်ပါသည်။ဆရာတော်ကြီး၏ ရှင်းပြပုံနှင့် သင်ကြားပေးပုံနည်းစံနစ်သည် ရှင်းလင်းလွယ်ကူလှသဖြင့် မိမိ၏ဓမ္မမိတ်ဆွေများအား ထပ်ဆင့်ရှင်းပြရာတွင် အထူးအသုံးဝင်ပြီး မိမိ၏ လက်စွဲစာအုပ်သဖွယ် ဖြစ်ခဲ့ပါသည်။
ထို့နောက် ၂၀၁၉ခုနှစ်တွင် ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယ သာသနာ့စင်တာကျောင်းတိုက်တွင် ဓမ္မပညာရက်တိုသင်တန်း အမှတ်စဥ်(၂) သုတ္တန္တအနှစ်ချုပ်ဘာသာရပ် ပို့ချရာ၌ မဟာသတိပဋ္ဌာသုတ်ကို (၁၀)ရက်တိုင်တိုင် အကျယ်တဝင့်ရှင်းလင်းဟောပြခဲ့ပါသည်။
ထိုသင်တန်းပို့ချချက် အသံဖိုင်များကို နာကြားရသောအခါ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်တရားတော် ၅-ရက်ဆက်တိုက် ဟောခဲ့စဥ်က
မပါရှိခဲ့သေးသော အသေးစိတ် သိမှတ်စရာများကို နာကြားသိရှိခဲ့ရပါသည်။
ဆရာတော်ကြီးမိန့်ခဲ့သလို-
“မဟာသတိပဋ္ဌာနသုတ်ကို အကြိမ်ကြိမ်ကြားဖူးပေမယ့်လို့ သိသလိုလိုနဲ့ မသိတာတွေ အများကြီးတွေ့နိုင်တယ်။မြတ်စွာဘုရားရဲ့ အာဘော်တော် အပိုင်းအဆစ်တွေဆိုတာ အင်မတန်နက်နဲတယ်။ ဂမ္ဘီရော-နက်တယ်။ထောက်တည်ရာမရဘူး။ ဒုဒ္ဒဿ-မြင်နိုင်ခဲတယ်။ နက်လို့ပဲ မြင်ဖို့ အင်မတန်မှခက်တယ်။
ထောက်တည်ရာရအောင်၊ မြင်ရအောင် သင်ကြားမှုဟာ တစ်ကြိမ်တည်းနဲ့လည်း လုံလောက်မှာမဟုတ်ဘူး။နှစ်ကြိမ်နဲ့လည်း လုံလောက်မှာ မဟုတ်ဘူး။အကြိမ်ကြိမ် အထပ်ထပ် သင်ဖို့ လိုအပ်တယ်။
မဟာသတိပဋ္ဌာနသုတ် ဆိုတာ အလွတ်လည်းရတယ်။ ခဏခဏလည်းနာဖူးနေတယ်။ပြီးပြည့်စုံနေတယ်လို့ စိတ်ထဲမှာ မအောက်မေ့လေနဲ့။ဒီထက်လေးနက်တဲ့အချက်တွေ လေ့လာလေလေ ပေါ်ထွက်လာလေလေ၊
လေ့လာလေလေ ပေါ်ထွက်လာလေလေပဲ”ဆိုသည်မှာ မှန်လွန်းလှပါသည်။
မိမိ၏ အားထုတ်ကျင့်ကြံမှု ရင့်ကျက်လာလျှင် ရင့်ကျက်လာ
သလောက် မဟာသတိပဋ္ဌာနသုတ်ကိုနားလည်လာပုံမှာ ပိုမိုရှင်းလင်းလာသည်ကို ခံစားသိမြင်ရပါ၏။
သို့နှင့် မဟာသတိပဋ္ဌာနသုတ်သင်တန်းတရားတော်အသံဖိုင်ကို တရားအားထုတ်နေကြသူ အနယ်နယ်အရပ်ရပ်မှ ယောဂီများလေ့လာမှတ်သားနိုင်ရန်အတွက် စာအုပ်ထုတ်ဝေလျှင် ကောင်းမည်ဟု အကြံဖြစ်ပေါ်လာရာမှ စ၍ စာအုပ်ထုတ်ဝေဖြစ်သည်အထိ စီစဥ်ဆောင်ရွက်မိပါတော့သည်။
ထို့နောက် လုံးကောက်ဖော်ပြီး၍ ကွန်ပျူတာစာစီပြီးသောအခါ ဆရာတော်ကြီးထံ စာမျက်နှာ(၄၀၀)ကျော်ခန့်ရှိသော စာအုပ်မူကြမ်းကို ပေးပို့ဆက်ကပ်လိုက်ပါသည်။
ဆရာတော်ကြီးထံတွင် လုံးကောက်ဖော်ပြီး၍ ဆရာတော်ကြီး စိစစ်တည်းဖြတ်ဖို့ တင်ပြထားသော စာမူကြမ်းတွေလည်းများစွာရှိနေသည်ဟုသိရပါ၏။စိတ်ထဲမှာတော့ ဆရာတော်ကြီး၏သက်တော်၊ ကျန်းမာရေးအခြေအနေနှင့်ဆရာတော်ကြီး၏ များပြားလှသော သာသနာ့တာဝန်များကို ထည့်တွက်ထားသဖြင့် “ပြီးချင်တဲ့အချိန်မှ ပြီးပါစေလေ” ဟု နှလုံးသွင်းရင်း အားနာနာနှင့်ပင် စောင့်ဆိုင်းနေခဲ့မိပါသည်။
၆-လခန့်ကြာမြင့်သောအခါ ဆရာတော်ကြီးထံမှ ပြင်ဆင်ထားသော
မူကြမ်းစာအုပ်ကြီးပြန်ရောက်လာလေသည်။စာအုပ်ကိုဖွင့်ကြည့်လိုက်သောအခါ စာအုပ်တစ်အုပ်လုံး မှင်နီတွေရဲနေသည်ကိုတွေ့လိုက်ရလေသည်။ထို့ပြင် ဘာတွေကို ဘာ့ကြောင့် ဘယ်လိုပြင်ပေးလိုက်တယ်ဆိုသည့်အကြောင်း ဆရာတော်ကြီး လက်ရေးဖြင့်ရေးထားသည့် မှတ်ချက်အတိုလေးပါတွေ့လိုက်ရ၏။
ဆရာတော်ကြီး၏ ထက်သန်သောလုံ့လနှင့် ဗုဒ္ဓတရားတော်အပေါ်ထားရှိသော စေတနာသည်ကား အတုယူအားကျဖွယ်ပါပေ။
စာမူကြမ်းပေါ်၌ ဆရာတော်ကြီးပြင်ဆင်ခဲ့သမျှကို ကွန်ပျူတာတွင်ပြင်ဆင်ပြီးသောအခါ စာမျက်နှာ(၃၀၀)နီးပါးသာကျန်ပါတော့သည်။
ထို့နောက် မိမိကိုယ်တိုင် ပရုဖ်အသေးစိတ်ဖတ်၊ မျက်နှာဖုံးဒီဇိုင်းအပ်၍ ထုတ်ဝေမည့်ပုံစံ ဆိုဒ်အရွယ်အတိုင်း ဆရာတော်ကြီးထံ ထပ်မံ၍တင်ပြလိုက်ပါသည်။ သည်တစ်ခါတွင်တော့ အချိန်သိပ်မကြာတော့ပါ။သို့သော် စာအုပ်စာမျက်နှာ (၂၈၀)ရှိရာ၌ ဆရာတော်ကြီးပြန်ပြင်ပေးခဲ့သောစာမျက်နှာမှာ(၁၂၈)ခန့်ပင်ရှိနေပါသေးသည်။
သည်လိုနှင့် ကိုဗစ်ကပ်ဘေးမတိုင်မီကတည်းက ပြင်ဆင်ဆောင်ရွက်ခဲ့သော ဤစာအုပ်သည် ၅-နှစ်ကျော်ကြာခဲ့ပြီးနောက် စာဖတ်သူယောဂီများလက်ထဲသို့ အရောက်ပို့ပေးနိုင်ခဲ့ပါပြီ။
ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအား အထူးကျေးဇူးတင်မိပါသည််။
အထူးသဖြင့် ဇွဲလုံ့လ ဝီရိယကြီးစွာဖြင့် အကြိမ်ကြိမ် ဖတ်ရှုတည်းဖြတ်ပြင်ဆင်ပေးခဲ့ပါသော ပါမောက္ခချုပ်ဆရာတော်ကြီးအားဂါရဝတရားဖြင့် ဦးခိုက်ကြည်ညိုကန်တော့အပ်ပါသည်ဘုရား။
ဤ “မဟာသတိပဋ္ဌာနသုတ်သင်တန်းတရားတော်” စာအုပ်ကို ဆရာတော်ကြီး၏ တပည့်များအတွက်ဝေမျှပေးရန်
ဓမ္မဒါန စာအုပ်ရေ(၁၀၀၀၀)အဖြစ် ပုံနှိပ်လှူဒါန်းပေးပါသော
“ရွှေပြည်နန်း”မိသားစုအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဤစာအုပ်သည် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ထွန်းညှိဆဲဖြစ်သောဓမ္မဆီမီးတိုင်များစွာထဲမှ ဆီမီးတစ်တိုင်ဖြစ်၍ စီစဥ်ပူဇော်သည့်ကုသိုလ်ယူနိုင်ခဲ့ခြင်းအပေါ် မိမိအနေဖြင့် လွန်စွာကျေနပ်ပီတိဖြစ်နေမိပါ၏..။
ယောဂီများအနေဖြင့် ပါမောက္ခချုပ်ဆရာတော်ကြီး အသေးစိတ်ရှင်းပြ သင်ကြားထားပေးတော်မူသည့် “မဟာသတိပဋ္ဌာနသုတ် သင်တန်းတရားတော်” အား ကျေညက်စွာ လေ့လာမှတ်သားပြီး ပါက တရားအားထုတ်သည့်အခါ ဝိပဿနာဉာဏ်များ ပိုမိုတိုးတက်လာမည်ဟု ထင်မြင်ယူဆမိပါသည်။
စာဖတ်သူယောဂီများ နိဗ္ဗာန်သို့သွားရာ
တစ်ခုတည်းသောလမ်း,
တစ်ကြောင်းတည်းသောလမ်းအပေါ်
နည်းစံနစ်မှန်မှန်၊အသိအမြင်မှန်မှန်နဲ့
ကျင့်ကြံနိုင်ကြပြီး အခက်အခဲအတားအဆီးမှန်သမျှကို ကျော်လွှားဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ မေတ္တာပို့သလိုက်ရပါသည်…။
မေတ္တာဖြင့်-
Credit ဆရာမြသန်းစံ အင်တာနက်စာမျက်နှာ (Mya Than San Appamada)
မြသန်းစံ
၂၁.၅.၂၀၂၄




