လှုပ်ရှားမှု ပုံရိပ်များ
“အဝိဇ္ဇာ နှင့် ဝိဇ္ဇာ”၊ “အငြင်းပွါးလျှင်ဆုံးရှူံးမှုနှင့်သာရင်ဆိုင်ရမည်”ဓမ္မစာအုပ်များ အမှတ်စဉ် (၁၈၈) (၁၈၉) အဖြစ် ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားထားရှိသည့် တရားတော်များအနက် “အဝိဇ္ဇာ နှင့် ဝိဇ္ဇာ”၊ “အငြင်းပွါးလျှင်ဆုံးရှူံးမှုနှင့်သာရင်ဆိုင်ရမည်”ဓမ္မစာအုပ်များ အမှတ်စဉ် (၁၈၈) (၁၈၉) အဖြစ် ထွက်ရှိသည်။
အဝိဇ္ဇာ နှင့် ဝိဇ္ဇာ
ဝိဇ္ဇာဆိုတဲ့ ဝေါဟာရ
ဝိဇ္ဇာဆိုတာ မြတ်စွာဘုရားကိုယ်တိုင် အသုံးပြုတဲ့ စကားလုံးဖြစ်တယ်၊ အရပ်ထဲမှာလည်း သုံးနေကြတယ်၊ သို့သော် အနှစ်သာရအားဖြင့် တူမယ်မဟုတ်ဘူး။
မြတ်စွာဘုရားသုံးတဲ့ စကားလုံးရဲ့ အနှစ်သာရက အင်မတန်မှ လေးနက်တယ်။
အဝိဇ္ဇာ ဆိုတာရယ်၊ ဝိဇ္ဇာ ဆိုတာရယ် ဒီစကား လုံး နှစ်ခုဟာ ဆန့်ကျင်ဖက်စကားလုံး ဖြစ်တယ်။ ဝိဇ္ဇာ ဆိုတာ အသိဉာဏ်၊ အသိဉာဏ်ဆိုတာ အဆင့်ဆင့် ရှိတယ်။ ခုခေတ် Education မှာ Arts ကို ဝိဇ္ဇာလို့ ပြန်ကြတယ်။ လောကီပညာရပ်ကို ဝိဇ္ဇာလို့ ဖော်ပြကြ တယ်။ အဲဒီအဓိပ္ပာယ်နဲ့ မတူဘူးလို့ မှတ်ပါ။ နို့မို့ဆိုရင် ဝိဇ္ဇာဆိုတာ ရောနေတတ်တယ်။
လောကီပညာတစ်မျိုးဖြစ်တဲ့ မန္တရားအတတ် ပညာတွေ မှော်ပညာမျိုးတွေကိုလည်း ဝိဇ္ဇာလို့ ခေါ်ကြ တယ်။ ဝိဇ္ဇာဓိုရ်၊ ဝိဇ္ဇာဓရဆိုတဲ့ စကားလုံးတွေ သုံးတာ ရှိသေးတယ်။ စကားလုံးတူပေမယ်လို့ အဓိပ္ပါယ် ခြားနား မြတ်စွာဘုရားဟောတဲ့ ဝိဇ္ဇာဆိုတဲ့ပညာရပ်ဟာ အင်မတန်မှ အဆင့်မြင့်တယ်။ ဝိဇ္ဇာသည် ပု, ဒိ, အာ ဟူ၍ ၃-မျိုး ရှိတယ်။ ပု, ဒိ, အာ ဆိုတာ ပုဗ္ဗေနိဝါသာ- နုဿတိဝိဇ္ဇာ၊ ဒိဗ္ဗစက္ခုဝိဇ္ဇာ၊ အာသဝက္ခယဝိဇ္ဇာ။
မြတ်စွာဘုရား အလောင်းတော်ဟာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါ အဲဒီ ဝိဇ္ဇာဉာဏ် သုံးပါးကို မျက်မှောက်ပြုတယ်၊ မျက်မှောက်ပြုတယ် ဆိုတာ ကိုယ်တိုင်ရသွားတာကို ပြောတာ။
အဲဒီမှာ “ပု”ဆိုတာ ပုဗ္ဗေနိဝါသာနုဿတိဝိဇ္ဇာ။ နေခဲ့ဖူးဖြစ်ခဲ့ဖူးတဲ့ အတိတ်ဘဝက အကြောင်းအရာတွေ အားလုံး ကိုယ်သိချင်သလောက် သိနိင်တဲ့ အစွမ်းသတ္တိ ရှိတဲ့ ပညာရပ်လို့ပြောရမယ်။ ဘုန်းကြီးတို့တတွေ မနေ့က အဖြစ်အပျက်တောင် အကုန်လုံး မှတ်မိချင်မှ မှတ်မိတာ။ အတိတ်ဘဝဆိုတာ ကြုံတော့ ကြုံခဲ့တာပဲ။ မနေ့က မနက်မိုးလင်းတဲ့အချိန်က စပြီးတော့ ဒီကနေ့ ထိအောင် ကြုံခဲ့ဖြစ်ခဲ့ဖူးတာတွေ၊ ကိုယ်ကိုယ်တိုင် တွေ့ခဲ့ တာတွေ အများကြီးပဲ။ သို့သော် အကုန်မှတ်မိချင်မှ မှတ်မိမှာ။
မြတ်စွာဘုရားရဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်က television ထဲက ရုပ်ပုံလွှာတွေကို ကြည့်ရသလို လွန်ခဲ့တဲ့ဘဝတွေကို ပြန်စဉ်းစားလိုက်ရင် အသေးစိတ် အကုန်သိနိူင်စွမ်း ရှိတယ်။ သံသရာမှာဖြစ်ခဲ့တဲ့ ဘဝ ပေါင်းများစွာကို သိနိ်ုင်တယ်။ အဲဒါ ပုဗ္ဗေနိဝါသာ- နုဿတိဝိဇ္ဇာပဲ။
ခုခေတ် ဝိဇ္ဇာဘွဲ့တို့၊ မဟာဘွဲ့တို့နဲ့ အလွန် ခြားနား တယ်။ ဝိဇ္ဇာဘွဲ့ဆိုတာ စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အကြောင်းအရာကို ဖြေနိုင်ရင် ဝိဇ္ဇာဘွဲ့ ရတာပဲ။ ကျမ်းတင်ပြီး ကိုယ်သတ်မှတ်ထားတဲ့အဆင့် ရသွားရင် မဟာဝိဇ္ဇာဘွဲ့ရတာပဲ။ အဲဒီဝိဇ္ဇာတွေနဲ့ အလွန် ခြားနား တယ်။
နောက် “ဒိ” ဆိုတာက ဒိဗ္ဗစက္ခုဝိဇ္ဇာ၊ ဒိဗ္ဗစက္ခု ဝိဇ္ဇာဆိုတာ သမာဓိစွမ်းအား တိုးမြင့်လာလို့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် အဆင့် ရောက်တဲ့အခါမှာ လေ့ကျင့်ယူရတဲ့ ဝိဇ္ဇာတစ်မျိုးပဲ။ ဈာန်ရဲ့အကျိုးဟာအဘိညာပဲ။ အဘိညာဆိုတာ ထူးထူး ခြားခြား သိတာ။ ဝိဇ္ဇာနဲ့ အဘိညာ၊ တကယ်ကတော့ တူတဲ့နေရာ တူတယ်ပေါ့၊ ပညာကို ဦးတည်ပြောတာ။
ဒိဗ္ဗစက္ခုဆိုတာ သာမန်မျက်စိရဲ့ စွမ်းဆောင်မှု ထက် အများကြီး သာလွန်တယ်။ လူတွေရဲ့ သာမန် မျက်စိနဲ့ မြင်နိူင်တဲ့အရာက အင်မတန်မှ နည်းတယ်၊ မမြင်ရတဲ့အရာတွေ အများကြီးရှိတယ်။ ဥပမာ- ကိုယ့် အနီးမှာရှိနေတဲ့ နတ်တွေ မမြင်ရဘူး၊ မကောင်းဆိုးဝါး တွေ မမြင်ရဘူး၊ ကိုယ့်မျက်စိအောက် ရောက်နေတာ တောင်မှ မမြင်နိူင်တာတွေ အများကြီးရှိတယ်။
ဒိဗ္ဗစက္ခုကျတော့ လူ့မျက်စိနဲ့ မမြင်နိူင်တဲ့အရာ တွေ, ဝေးလံတဲ့ဒေသမှာရှိတဲ့ အရာတွေ, တစ်စုံတစ်ခုနဲ့ ခြားကွယ်ထားလို့ မမြင်နိုင်တဲ့ အရာတွေ, အဲဒါတွေ အားလုံးကို မြင်ချင်တယ်ဆိုရင် အကုန်လုံး မြင်နိူင်စွမ်း ရှိတယ်၊ ဒါ ဒိဗ္ဗစက္ခုဉာဏ်။
နောက် “အာ” ဆိုတာ အာသဝက္ခယဝိဇ္ဇာ။ အာသဝ ဆိုတာ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ လို့ အာသဝတရား လေးပါးရှိတယ်။ ကိလေသာကို ရည်ညွှန်းပြီး ပြောတဲ့စကား။ အဲဒီ အာသဝတွေ ကုန်ဆုံးသွားစေတဲ့ ဝိဇ္ဇာဉာဏ်ကို အာသဝက္ခယလို့ ခေါ်တာ။ အာသဝအားလုံး အဆုံး သတ်လို့ စိတ်ဟာ အင်မတန်မှ ကြည်လင်နေတယ်၊ ဉာဏ်ရဲ့ အဟန့်အတား အတားအဆီး ဘာမှမရှိဘူး။
မျက်စိမှာ တိမ်မရှိဘူးဆိုလို့ရှိရင် ကြည်လင်နေ တယ်။ မျက်စိမှာ တိမ်ဖုံးထားမယ်ဆိုရင် ရှေ့က ပစ္စည်း ဝတ္ထု ရှိနေပေမယ်လို့ မမြင်ရဘူး။ ကိလေသာအာသဝ ဆိုတာ မျက်စိထဲက တိမ်လွှာလိုပဲ မြင်ကွင်းကို ဖုံးနေ တယ်။ အဲဒီ ကိလေသာအာသဝတွေကို ရှင်းလိုက်တာနဲ့ တပြိုင်နက် မြင်ကွင်းဟာ ကြည်လင်လာတယ်။ သစ္စာ လေးပါးကို ရှင်းရှင်းသိတယ်။ နိဗ္ဗာန်ဆိုတာကိုလည်း မြင်ရတယ်၊ မျက်မှောက်ပြုနိုင်တယ်။ သဘာဝတရား တွေရဲ့ အသေးစိတ် သွင်ပြင်လက္ခဏာတွေကိုလည်း မြင်နိူင်တယ်။ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်, အရဟတ္တဖိုလ်နဲ့ ယှဉ်တွဲလာတဲ့ အသိဉာဏ်ကို အာသဝက္ခယဝိဇ္ဇာလို့ ပြောတာ။ အဲဒီ ဝိဇ္ဇာသုံးမျိုးကို မြတ်စွာဘုရား ရရှိခဲ့တယ်။
ခုခေတ်ဝိဇ္ဇာတွေက ဒီအဆင့်ကို မရောက်ကြဘူး။ အင်မတန်မှ အလှမ်းကွာတယ်၊ စကားလုံးချင်း တူပေ မယ်လို့ အနှစ်သာရချင်း အင်မတန်ကွာခြားတယ်လို့ မှတ်ရမယ်။
အဝိဇ္ဇာဆိုတဲ့ ဝေါဟာရ
ဝိဇ္ဇာကို သဘောပေါက်ပြီ ဆိုလို့ရှိရင် အဝိဇ္ဇာ ကိုလည်း သဘောပေါက်စရာရှိတယ်။ ဘာဖြစ်လို့တုန်း ဆို ဝိဇ္ဇာရဲ့ ဆန့်ကျင်ဘက်ဟာ အဝိဇ္ဇာပဲ။ ဝိဇ္ဇာက သိတယ်၊ အဝိဇ္ဇာက မသိဘူး။ ဘာတွေသိတာတုန်း ဆိုရင် အတိတ်ဘဝကို ရှင်းရှင်းလင်းလင်းကြီးသိတယ်၊ ပုဗ္ဗေနိဝါသာနုဿတိဝိဇ္ဇာ။
အရပ်ထဲမှာ ပြောတာတော့ မသိရင် အဝိဇ္ဇာ များတယ်လို့ ပြောနေတာ။ အဝိဇ္ဇာရှိလို့ တကယ့်ကို အမှောင်ကြီးကျနေတာလေ။ အတိတ်ဘဝကို လှမ်းမျှော် ကြည့်လိုက်လို့ရှိရင် တကယ့်အမှောင်ထုကြီးပဲ။ အဲဒါ အဝိဇ္ဇာပဲ။ အဝိဇ္ဇာဆိုတာ အဲဒီလို မမြင်နိူင်တဲ့မောဟကို ပြောတာ။
နောက်တခါ ဒိဗ္ဗစက္ခုဆိုတာ အနီးနားက အရာပဲ ဖြစ်ဖြစ်၊ ဝေးတဲ့အရာပဲဖြစ်ဖြစ်၊ ဖုံးကွယ်နေတဲ့ အရာပဲဖြစ်ဖြစ် မြင်နိုင်စွမ်းရှိတယ်။ အဲဒါကို မြင်နိူင်စွမ်း မရှိဘူး ဆိုရင် အဝိဇ္ဇာပဲ။
ကိလေသာအာသဝတွေ ကုန်သွားစေတဲ့ဉာဏ်က အာသဝက္ခယဝိဇ္ဇာ။ အရဟတ္တမဂ်, အရဟတ္တဖိုလ်က နိဗ္ဗာန်ကို မြင်နိုင်တယ်။ ကိလေသာတွေ အားလုံးကို လည်း ဖယ်ရှင်းပစ်နိုင်တယ်။ ဉာဏ်ရဲ့ အနှောင့်အယှက် ဖြစ်တဲ့ ကိလေသာအညစ်အကြေးတွေ ရှိနေရင် အမှန် မမြင်လို့ အဝိဇ္ဇာလို့ခေါ်တာ။
ဘုန်းကြီးတို့သန္တာန်မှာ အဝိဇ္ဇာတွေပဲ လွှမ်းနေ တယ်၊ အဆင့်မြင့်တဲ့ ဝိဇ္ဇာဉာဏ်တွေ မရှိဘူး။ အဲဒီတော့ အဝိဇ္ဇာဆိုတာ မောဟ၊ မောဟဆိုတာ အမှန်တရားကို ဖုံးကွယ်တယ်၊ အမှန်တရားကို မသိဘူး။ ဘာလုပ်ရမယ်, ဘာမလုပ်ရဘူး၊ လုပ်သင့်တဲ့ကိစ္စ, မလုပ်သင့်တဲ့ကိစ္စ ခွဲခြားပြီးတော့မသိဘူး၊ အကုန်လုံး မသိတာတွေချည်းပဲ။ တရားဓမ္မနဲ့ပတ်သက်ပြီး မသိဘူး၊ အဓိကက သစ္စာလေးပါးနဲ့ ပတ်သက်ပြီး မသိဘူး။ ပုဗ္ဗေနိဝါသတို့, ဒိဗ္ဗစက္ခုတို့, အာသဝက္ခယတို့ဆိုတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတယ်၊ ဒါဟာ အဝိဇ္ဇာတွေပဲပေါ့။
ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ မသိလို့ လုပ်မိလုပ်ရာ လုပ်တယ်။ ကုသိုလ်လည်း လုပ်မိချင် လုပ်မိတယ်။ အကုသိုလ်လည်း လုပ်မိချင် လုပ်မိတယ်။ အကုသိုလ် လုပ်မိရင် ကိုယ်ကျိုးနည်းပြီး အပါယ်ဘုံမှာ သွားဖြစ်ရတယ်။ ကုသိုလ် လုပ်မိတဲ့အခါ ကောင်းရာ သုဂတိဘုံကို ရောက်တယ်။
ဘုန်းကြီးတို့တတွေဟာ လုပ်မိလုပ်ရာ လုပ်ရင်း ကနေပြီး ကံကောင်း အကြောင်းသင့်လာလို့ လူ့ဘုံ ရောက်လာတယ်လို့ ပြောရမယ်။ ကံမကောင်း အကြောင်းမလှတဲ့ ပုဂ္ဂိုလ်တွေ လုပ်မိလုပ်ရာလုပ်ရင်း ဒုစရိုက်တွေ လုပ်မိသည့်အတွက် အပါယ်ငရဲကျသွား ကြတယ်။
တိရစ္ဆာန်လောကနဲ့ လူ့လောက နှိုင်းယှဉ်ကြည့် မယ်ဆိုရင် လူ့လောကရဲ့ လူဦးရေ population က အင်မတန် နည်းတယ်။ တိရစ္ဆာန်တစ်မျိုးရဲ့ ဦးရေ population က ပိုများတယ်၊ လူဦးရေက ပုရွက်ဆိတ် တစ်တွင်းစာတောင် မရှိဘူး။ ပြောမယ်ဆိုရင် သန်း ခြောက်ထောင် လူဦးရေဟာ ပုရွက်ဆိတ်တစ်တွင်းစာ တောင် မရှိဘူး။ အဲဒီလို တိရစ္ဆာန်လောကကြီးဟာ အင်မတန်မှ များနေတယ်ဆိုတာ အဝိဇ္ဇာများလို့ ဖြစ်တယ်။
ရေသတ္တဝါက ကုန်းသတ္တဝါထက် ပိုများတယ်။ ကမ္ဘာမှာ ကုန်းပိုင်းနဲ့ရေပိုင်းကို ကြည့်လိုက်ရင် ရေပိုင်း က ပိုကျယ်တယ်။ သတ္တဝါတွေအားလုံးဟာ အဝိဇ္ဇာတွေ လွှမ်းနေကြတဲ့ သတ္တဝါတွေချည်းပဲ။ အဝိဇ္ဇာရဲ့နယ်က အင်မတန်မှ ကျယ်ဝန်းတယ်။ ကံကောင်းပြီး ကုသိုလ် ကောင်းမှုတွေလုပ်လို့ အကြောင်းကံရဲ့ ဖန်တီးမှုကြောင့် လူဖြစ်နေပြန်တော့လည်း အဝိဇ္ဇာက ဖုံးနေတာ။ နတ် ဖြစ်ပြန်တော့လည်း အဝိဇ္ဇာကဖုံးထားတယ်။ နောက်ဆုံး မှာ ဗြဟ္မာ ဖြစ်ပြန်တော့လည်း အဝိဇ္ဇာ ရှိတာပဲ။
ဗကဗြဟ္မာကြီးက ဘုရားကြွလာတာ မြင်လိုက် ရော “သွာဂတံ” ဆိုတဲ့စကားကို ပြောတယ်။ လာပါ ကြိုဆိုပါတယ်။ welcome ပေါ့၊ ဘုရားမြင်လိုက်တာနဲ့ သူက ဝမ်းသာအားရ ကြိုဆိုတယ်။ ကြိုဆိုပြီး “ဒီဘုံဟာ ထာဝရဘုံပါ၊ ဘယ်တော့မှ မသေဘူး။ နိစ္စဓူဝ- အစဉ် ထာဝရ တည်မြဲတဲ့ဘုံ၊ ဘယ်မှ ပြောင်းစရာမလိုဘူး” လို့ ပြောတယ်။ အဲဒီမှာ မြတ်စွာဘုရားက “မဟုတ်ဘူး၊ ဗကဗြဟ္မာကြီး မှားနေတယ်” လို့ မိန့်တယ်။
“နိစ္စထာဝရဆိုတာ မဟုတ်ဘူး၊ အဲဒီလိုပြောတာ မှားနေတယ်။ မင်းရဲ့ သက်တမ်းက ဘယ်လောက်ပဲ ရှိတယ်။ အဲဒီဟိုဘက်ကျ မင်းမရှိတော့ဘူး။ ဒီမတိုင်ခင် ကလည်း ဘယ်တုန်းက ဒီရောက်လာခဲ့တာ၊ ဘယ် ကနေ လာခဲ့တာ” ဆိုတာ ဘုရားက ထောက်ပြတယ်။ ဘာကုသိုလ်တွေ လုပ်ခဲ့လို့ ဒီဘုံ ရောက်လာတယ်။ ကုသိုလ်တွေကုန်လို့ သက်တမ်းကုန်ရင် ဘယ်သွားမယ် ဆိုတာ ဘုရားက ထောက်ပြတယ်။ သူက အဲဒါတွေကို မသိဘူး၊ မသိသည့်အတွက်ကြောင့် သူ့ဘုံဟာ နိစ္စ ထာဝရ၊ ဒီဘုံရောက်လာလို့ရှိရင် ဘယ်တော့မှ သေဆုံး မှာ မဟုတ်ဘူးလို့ ပြောတာဖြစ်တယ်။
အဲဒါမျိုးလိုပဲ တခြား ဘာသာတွေမှာလည်း Heaven ဆိုတာ ထာဝရဘုံကို ပြောတာ၊ အဲဒါကိုပဲ နိစ္စထာဝရ ယူဆပြီး ထာဝရဘုရားရဲ့ ကောင်းကင်ဘုံ ဆိုပြီး အစဉ်အလာအရ ပြောနေကြတာသာဖြစ်တယ်။ ထာဝရဘုရားဆိုတာ တကယ်ကတော့ ဗြဟ္မာကြီးတွေ ကို ပြောတာ၊ တခြားဘာသာဝင်တွေရဲ့ ဦးတည်ချက် တွေက ဗြဟ္မာပဲ၊ သို့သော် သူတို့လုပ်နေတဲ့ လုပ်ရပ်တွေ က ဗြဟ္မာ့ပြည်ရောက်ဖို့လမ်းစဉ် တစ်ခုမှမရှိဘူး။ မြတ်စွာဘုရားက ပုဏ္ဏားတွေကို မေးတယ်။ “မင်းတို့ ဗြဟ္မာကို မြင်ဖူးလား” မမြင်ဖူးဘူး။ “ကဲ-မင်းတို့ မမြင်ဖူးရင် မင်းတို့ဆရာတွေရော မြင်ဖူးလား” မမြင်ဖူး ဘူး။ “ဒါဖြင့် အဲဒီ ဆရာ့ဆရာတွေကရော မြင်ဖူးလား” မမြင်ဖူးကြဘူး။ အဲဒီတော့ မမြင်ဖူးဘဲနဲ့ မင်းတို့ ဗြဟ္မာအကြောင်း ပြောနေတာဟာ ဘာနဲ့တူတုန်းဆိုရင် တန်းစီနေတဲ့ မျက်ကန်းတွေနဲ့တူတယ်။ ဆရာကလည်း အကန်း၊ နောက်ကလိုက်တဲ့ တပည့်တွေကလည်း အကန်း၊ အကန်းက ရှေ့ဆောင်နေတာကို အကန်းတွေ က နောက်မှလိုက်နေတယ်လို့ ဘုရားကပြောတယ်။ အန္ဒဝေဏီ- မျက်မမြင် သူကန်းတို့ရဲ့ အစဉ်အတန်းကြီး ပဲ။ ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း မမြင်ဘူး၊ နောက်ကလိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း မမြင်ဘူး ဆိုတော့ ဘယ်လိုလုပ် လမ်းဖြောင့်နိူင်မလဲ။ မျက်စိမြင် တဲ့လူက ဦးဆောင်ရင်တော့ ဖြောင့်ကောင်း ဖြောင့်နိင် တယ်။ မျက်စိမမြင်တဲ့ပုဂ္ဂိုလ်က ရှေ့ကဦးဆောင်နေတာ ဆိုတော့ အားလုံးဟာ အကန်းတွေပဲပေါ့။ အဲဒီလို မြတ်စွာဘုရားက ဟောတယ်။
မြတ်စွာဘုရားက အမိန့်ရှိတယ်၊ “ငါဟာ ဗြဟ္မာ ကိုလည်း မြင်ဖူးတယ်၊ ဗြဟ္မာဖြစ်ကြောင်း ကျင့်စဉ်ကို လည်း သိတယ်။ သူတို့ရဲ့ သက်တမ်းတွေကိုလည်း သိတယ်။” မြတ်စွာဘုရားက အကုန်လုံး ခြုံပြီးတော့ သိတာ။
ဗြဟ္မာ့ပြည် ဘာကြောင့် ရောက်တယ်ဆိုတာ သိသည့်အတွက်ကြောင့် မြတ်စွာဘုရားက ဗြဟ္မာ့ပြည် ရောက်ချင်လို့ရှိရင် သမထကျင့်စဉ်တစ်ခုကို ကျကျနန ကျင့်၊ ပထမဈာန်အဆင့်ရောက်ရင် ပထမဈာန် ဗြဟ္မာ့ ဘုံ ရောက်တယ်။ ဒုတိယအဆင့်ဆိုရင် ဒုတိယဈာန် ဗြဟ္မာ့ဘုံ ရောက်တယ်။ တတိယဈာန်အဆင့်ဆိုရင် တတိယဈာန် ဗြဟ္မာ့ဘုံ၊ စတုတ္ထဈာန်, ပဉ္စမဈာန်ဆိုရင် စတုတ္ထဈာန်, ပဉ္စမဈာန်အဆင့်ကို ရောက်တယ်။ ကျင့်စဉ်နဲ့တကွ မြတ်စွာဘုရားက ဟောတာ။
အငြင်းပွားလျှင် ဆုံးရှုံးမှုနှင့်သာ ရင်ဆိုင်ရမည်
သုတ္တန္တ နဲ့ အဘိဓမ္မ
တချို့ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေက သုတ္တန်ကို အထင်သေး အမြင်သေးစကားတွေ ပြောတတ်ကြ တယ်။ တကယ်က တရားနာလို့ ကျွတ်တမ်းရသွား စေတာ သုတ္တန်က ပိုများတယ်။ တချို့က သုတ္တန်တရား ဆို ပေါ့ပေါ့လို့ အောက်မေ့ကြတယ်။ အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး။ မြတ်စွာဘုရားဟောတဲ့ စကားလုံးတိုင်းဟာ သစ္စာလေးပါးကို အခြေခံထားတာချည်းပဲ။ အကြောင်း နဲ့ အကျိုး ဒီနှစ်မျိုးကို အခြေခံပြီး ဟောထားတာ။ အကြောင်းရှိမှ အကျိုးဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားတော်ကို ကြည့်မယ်ဆိုရင် အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းပြတာပဲ။ လောကမှာ အကြောင်း မရှိဘဲဖြစ်တာ တစ်ခုမှမရှိဘူး။ ဆိုင်ရာအကြောင်းတွေ ရှိနေတာသာ ဖြစ်တယ်။ အဲဒီအကြောင်းကို မှန်မှန်ကန်ကန်သိဖို့ အရေးကြီးတယ်။ မမှန်ကန်တဲ့ အကြောင်း တွေကလည်း အများကြီးပဲလေ။
ဥပမာမယ် ကမ္ဘာမြေကြီးဟာ ဘာကြောင့် ဖြစ်လာ သလဲ? ဘာကြောင့် ကမ္ဘာမြေကြီးပေါ်မှာ တောင်ကြီး တွေက မို့မို့ကြီးတွေ ဖြစ်နေသလဲ? ဘာကြောင့် သစ်ပင် တွေက အစိမ်းရောင်တွေ ဖြစ်နေသလဲ? ဘာကြောင့် သစ်ပင်တွေ ပေါက်နေသလဲ? ဘာကြောင့် ရေတွေ ဖြစ်လာသလဲ။ ဒါအတွက် လွယ်လွယ်ပြောရင် (သို့) အဖြေမရှာနိူင်ရင် ဘုရားသခင်ဖန်ဆင်းလို့လို့ ပြောကြ တယ်၊ အများစုက အဲဒီလိုယူဆကြတယ်။
ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရ အဖြေက ဘုရား သခင် ဖန်ဆင်းတာ မဟုတ်ဘူး။ သဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ်စဉ်အရ ဖြစ်တာ။ ရာသီဥတု အပြောင်း အလဲကြောင့် ဖြစ်တာ။ လောကမှာ သက်ရှိ သတ္တဝါတွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်တယ်။ သက်မဲ့တွေဖြစ်ရာမှာ ဥတုက အဓိက၊ ဥတုကြောင့် ဖြစ်တာ။ အဲဒီ ဥတုကြောင့်ဖြစ်တဲ့ အရာတွေသည် ပင်လျှင် သတ္တဝါတွေရဲ့ကံနဲ့ ဆက်စပ်မှုရှိတယ်။ ကမ္မပစ္စယ ဥတုသမုဋ္ဌာန်၊ ကံအခြေခံတဲ့ ဥတုကြောင့် ဖြစ်တယ်။ ဥတုအနေအထား ပြောင်းလဲသွားသည့် အတွက်ကြောင့် ရေတွေ ဖြစ်လာတယ်။ ရေတွေ ခန်းသွားတယ်။ တောင်ကြီးတွေ ဖြစ်လာတယ်၊ မာတဲ့ နေရာ မာတယ်၊ ပျော့တဲ့နေရာပျော့တယ်ဆိုတာ ဒါက ရာသီဥတုကြောင့် ဖြစ်သွားတာ။
ဥတု ဆိုတာ တေဇောဓာတ်ကို ခေါ်တာ။ အပူ ဟာ အဓိကပဲ။ အပူလျော့သွားလို့ရှိရင် အအေးဖြစ်တာ။ အပူနဲ့ အအေးဟာ ဘယ်ဟာ အရှိတုန်းလို့ပြောရင် အပူက အရှိပဲ။ အပူလျော့ကျသွားတာကို အေးတယ်လို့ခေါ်တာ။ ဒါ အပူနဲ့ပဲ သတ်မှတ်ပြောကြရတယ်။ အအေးနဲ့ သတ်မှတ်ပြောတာ မဟုတ်ဘူး။
အဲဒီတော့ အပူလျော့သွားရင်တစ်မျိုး၊ အပူရှိန် ပြင်းထန်လို့ရှိရင် တစ်မျိုး ဖြစ်တယ်။ အပူရှိန်ကြောင့် အရည်ပျော်သွားတာ ရှိတယ်။ အပူရှိန်ကြောင့် အခဲ ဖြစ်သွားတာ ရှိတယ်။ ကျောက်တုံး ကျောက်ခဲကြီးတွေ ဘာကြောင့် မာသွားသလဲ? အပူရှိန်ကြောင့် မာသွား တယ်။ အရည်ပျော်သွားတာ ဘာကြောင့်အရည်ပျော် လဲ? အပူရှိန်ကြောင့် အရည်ပျော်သွားတယ်။ အပူရှိန် လျော့သွားလို့ရှိရင် အရည်ဖြစ်လာတယ်။ အဲဒီပြောင်းလဲ မှုတွေကို ထိန်းချုပ်နေတဲ့ အကြောင်းတရားသည် ဥတုပဲ ဖြစ်တယ်။ ဒါက ဗုဒ္ဓရဲ့ ဟောပြောချက်အရ ဥတုသည် အကြောင်းတရားဖြစ်တယ်။ အဲဒီလို ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာ ဘုရားက ဟောတာ။
ဇာတက ဒေသနာ
အဲဒီမှာ ဇာတကဆိုတဲ့ မြတ်စွာဘုရားဟောတဲ့ ဒေသနာတော်က လူတွေအတွက် ဘဝသင်ခန်းစာ ပေးတာ။ မြန်မာနိူင်ငံမှာ ဇာတကတွေရဲ့ လွှမ်းမိုးမှုက အင်မတန်မှများတယ်လို့ ပြောရမယ်။ ငါးရာ့ငါးဆယ် ဇာတ်ရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာတယ်။ မြန်မာပြည်မှာ သုံးနေတဲ့ တက္ကသိုလ် ဆိုတဲ့ စကားလုံး က ဇာတကတွေက ရလာတဲ့ စကားလုံး ဖြစ်တယ်။ ပါမောက္ခ ဆိုတဲ့စကားလုံးကလည်း ဇာတကမှ ရတဲ့ စကားလုံးပဲ။ သိပ္ပတို့ ဝိဇ္ဇာဆိုတဲ့ ပညာရပ်တွေကလည်း ဇာတကမှ ရတာပဲ။
ဝိဇ္ဇာ နဲ့ သိပ္ပ ခွဲခြားပုံ
ဝိဇ္ဇာ နဲ့ သိပ္ပ ခွဲတယ်၊ ဝိဇ္ဇာဆိုတဲ့ အတတ်ပညာနဲ့ သိပ္ပဆိုတဲ့အတတ်ပညာ မတူကြဘူး။ ဝိဇ္ဇာ ဆိုတဲ့ အတတ်ပညာက ဆရာနဲ့တပည့်တူအောင် သင်လို့ မရဘူး။ ဘာဖြစ်လို့တုန်းဆိုရင် ဝိဇ္ဇာပညာရပ်က အင်မတန်မှ လေးနက်တော့ တပည့်က ဆရာထက် လည်း သာချင်သာသွားတယ်၊ အခြေခံအသိဉာဏ်နဲ့ ပတ်သက်တယ်။ ဥပမာ- ပန်းချီဆွဲတယ်ဆိုတာ ပန်းချီ သင်တန်းမှာ သင်လို့ရတာ၊ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး လက်ရာဆိုတာ မတူနိင်ဘူး၊ စိတ်ကူးစိတ်သန်းတွေနဲ့ ပတ်သက်တယ်။ သိပ္ပဆိုတာက လက်တွေ့လုပ်တဲ့ အပေါ် မူတည်တယ်။ ရှေးတုန်းက လက်မှုအတတ်ကို သိပ္ပ၊ ဗေဒင်ပညာ ဆေးပညာကို ဝိဇ္ဇာ လို့သုံးတယ်။ တရားဓမ္မနဲ့ ပတ်သက်တဲ့ အတတ်ပညာကိုလည်း ဝိဇ္ဇာလို့ပဲ သုံးတယ်။
မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာ မှတ်သား ဖွယ်ရာ မြောက်များစွာရှိတယ်၊ အခြေခံကျင့်စဉ်အနေနဲ့ ပတ်သက်ပြီး တကယ့်အဖြစ်အပျက်တွေကို ဟောတာ ဇာတက၊ ဘဝမှာ သင်ခန်းစာယူဖို့ ဟောခဲ့တာဖြစ်လို့ ဇာတကဒေသနာဟာ လူ့လောကအတွက် များစွာ အကျိုးပြုတယ်။ သို့သော် ဇာတက ဒေသနာက အဓိက တရားလားဆိုတော့ အဓိကတရားတော့ မဟုတ်ဘူး။ ဗုဒ္ဓရဲ့ အဓိကတရားက သစ္စာလေးပါးပဲဖြစ်တယ်။ ကျန်တာကတော့ ဘုရားမပွင့်လည်း ရှိနေတယ်။ ငါးပါး သီလ ရှိတယ်၊ ဒါန၊ သီလ၊ မိဘပြုစုတဲ့ ကုသိုလ်တွေက နဂိုကတည်းက ရှိတယ်။ စီးပွားလုပ်ပုံ လုပ်နည်းတွေ၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ လမ်းညွှန်တာတွေ ရှိတယ်။
ဘုရားပွင့်မှ ပေါ်လာတဲ့တရားက ဝိပဿနာ တရားပဲ။ သမထကျင့်စဉ်တွေ၊ ဈာန်အဘိညာဉ်တွေ၊ တန်ခိုးဣဒ္ဓိပါဒ်တွေက နဂိုကတည်းက ရှိတယ်။ မြတ်စွာဘုရားက မှန်ကန်တာတွေဆိုရင် လက်ခံထားတယ်။ မှန်ကန်တဲ့အကြောင်းအရာတွေကို ငြင်းပယ်တာမဟုတ်ဘူး။ “အားလုံးကို ပယ်ပစ်ရမှာ မဟုတ်ဘူး။ အားလုံးကို လက်ခံရမှာလည်း မဟုတ်ဘူး။ လက်ခံသင့်တာကို လက်ခံတယ်၊ ငြင်းပယ်သင့်တာကို ငြင်းပယ်တယ်။”
အဲဒီတော့ ဘုရားပွင့်မှသိရတာကတော့ ဝိပဿနာ တရားပဲ။ ဝိပဿနာတရားကမှ ရင်ထဲမှာရှိတဲ့ စွဲလမ်း နေတဲ့ အစွဲအလမ်းတွေ၊ တဏှာရာဂတွေ၊ မှားယွင်းတဲ့ အမြင်တွေကို ဖယ်ရှားပစ်နိူင်တာ ဖြစ်တယ်။ အဲဒီလို ဖယ်ရှားပစ်မှ မဂ်ဆိုတာ ရခိုင်တယ်၊ မဂ်ရမှ ကိလေသာ တွေကို ဖယ်ရှားနိင်တယ်။ ဖိုလ်ရမှ ကိလေသာတွေက လုံးဝငြိမ်းသွားပြီး တော့ အေးချမ်းမှုဆိုတာ ရနိူင်တယ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဆိုလိုတာ။ အဲဒါ ကတော့ တကယ့် အဆင့်မြင့်တရားပဲ။
အဆင့်မြင့်တရားက လူတိုင်းအတွက်တော့ ဖြစ်ချင်မှဖြစ်မယ်။ ဘာဖြစ်လို့တုန်းဆို မြတ်စွာဘုရားက တရားဂုဏ်တော်နဲ့ ပတ်သက်ပြီးတော့ ဟောထားတဲ့ အထဲမယ် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတာ၊ ‘ဝိညူ’ ဆိုတာ သူများထက်ပိုပြီးတော့သိတယ်။ ထူးထူးခြားခြား သိတဲ့ပုဂ္ဂိုလ်တွေကို ဝိညူ လို့ခေါ်တာ။ ‘ဝိ’ဆိုတာ ထူးထူးခြားခြား၊ ထူးခြားထက်မြက်စွာ၊ ‘ညူ’က သိတာ။ ထူးထူးခြားခြားသိတယ်၊ မြန်မာလိုကတော့ ပညာရှိလို့ပဲ ပြန်လိုက်တယ်။ အဲဒီ ထူးခြားတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုသာလျှင် ပစ္စတ္တံ ဝေဒိတဗ္ဗော’ကိုယ်တွေ့
သိရှိခံစားနိူင်တယ်လို့ ဒီလိုပြောတာ။ ဒါကတော့ တကယ့် အဆင့်မြင့်တဲ့တရားပဲ၊ ဘုရား တရားတော်တွေ က အဆင့်မြင့်တဲ့တရားတွေမို့ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ပဏ္ဍိတဝေဒနိယော – လို့ဆိုတာ ပဏ္ဍိတ ဝေဒနိယော− ပညာရှိတွေကသာ သိနိင်တယ်။
ဆိုပါစို့၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိဘူး၊ ဓမ္မ သက်သက်သာ ဖြစ်တယ်ဆိုတဲ့ ဟောပြောဆုံးမချက် တွေဟာ ငါဆိုတာ မရှိဘူး၊ ငါမရှိသည့်အတွက်ကြောင့် ငါ့ဟာဆိုတာလည်း မရှိဘူး၊ ငါမှမရှိရင် ငါ့ဟာလည်း မရှိနိုင်ဘူး။ အထင်အမြင်သက်သက်မျှသာ ဖြစ်တယ်။ ပုဂ္ဂိုလ်သတ္တဝါ, အမျိုးသား, အမျိုးသမီး, ယောက်ျား, မိန်းမဆိုတာတွေကလည်း မရှိဘူး။ အခေါ်အဝေါ် သက်သက်မျှသာ ဖြစ်တယ်၊ တကယ်အရှိက ရုပ်နဲ့ နာမ်သာ ဖြစ်တယ်ဆိုတဲ့ ဝိပဿနာတရားက မြတ်စွာ ဘုရားပွင့်မှ သိရတာ။ ဂမ္ဘီရာ- နက်နဲတယ်၊ နက်လို့ မထောက်မီနိူင်ဘူး။ ဒုဒ္ဒသာ- မြင်ဖို့ခက်တယ်။ ပဋိစ္စ သမုပ္ပါဒ် နဲ့ နိဗ္ဗာန်။ ဒီတရားနှစ်ခုက အခက်ခဲဆုံး၊ အနက်နဲဆုံး တရားတွေပဲ။