လှုပ်ရှားမှု ပုံရိပ်များ
မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ တရားတော်မှ
မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ
ဒီကနေ့ည ဒီခေါင်းစီးနဲ့ တရားဓမ္မ ဟောပြောနာယူကြရအောင်။ “မိဘနဲ့ သားသမီးအကြား မှန်ကန်သောအမြင်များ”လို့ဆိုတော့ မှားယွင်းတဲ့ အမြင်တွေ လည်း ရှိနေတယ်ဆိုတာကို သိသာစေတယ်။ မိဘကို ပြုစုလုပ်ကျွေးရမယ်၊ မိဘကို ရိုသေလေးစားရမယ်ဆိုတဲ့ ဒီအဆုံးအမဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာဖြစ်တယ်။ ဒီအဆုံးအမဟာ ကမ္ဘာမှာ အမြဲတမ်းရှိနေတဲ့ အဆုံးအမလည်းမဟုတ်ဘူး၊ ကမ္ဘာ့ လူသားအားလုံးလိုက်နာနေတဲ့ အဆုံးအမလည်းမဟုတ်ဘူး။ သူတော်ကောင်းတွေက ဆုံးမဩဝါဒပေးတဲ့အခါမှသာလျှင် လူတွေရဲ့အသိုင်းအဝိုင်း ဟာ မိဘနဲ့သားသမီး အကြား မှန်ကန်တဲ့အမြင်ကို ရရှိကြတာဖြစ်တယ်။
မြတ်စွာဘုရားရဲ့အဆုံးအမ တည်ရှိနေမှသာလျှင် ကမ္ဘာလောကကြီး တစ်ခုလုံးဟာ သာယာအေးချမ်းပြီး ဗဟုဇနဟိတ – အများကောင်းစားဖို့အတွက်၊ ဗဟုဇနသုခ− အများချမ်းသာဖို့အတွက်ဆိုတာ ဖြစ်လာနိုင်တယ်။ မြတ်စွာဘုရား အဆုံးအမ ကွယ်ပျောက်သွားပြီး မှန်ကန်သောအမြင်တွေ ကွယ်ပျောက်သွားတာနဲ့ တစ်ပြိုင်နက် လူ့လောကကြီးဟာ ကျဆင်းသွားနိုင်တယ်။ နောက်ဆုံးမှာ တိရစ္ဆာန် လောကအဆင့် ရောက်သွားနိုင်တယ်ဆိုတာ သတိထားကြဖို့ပေါ့နော်။
သာမန်အားဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက “မာတာပိတု ဥပဋ္ဌာနံ- မိဘကို ပြုစုလုပ်ကျွေးတာ မင်္ဂလာ ဆိုတာ သိကြတယ်။ ငယ်စဉ်ကတည်းက ဒီအမြင်ဟာ ဝင်လာတာ။ အဲဒီတော့ မြန်မာလူမျိုးအချို့မှာသာ ဒီအမြင်ရှိတာ၊ ကမ္ဘာမှာရှိတဲ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်သော လူတွေကြားထဲမှာ ဒီအမြင်မရှိတဲ့လူတွေက အများကြီးပဲ။ အဲဒီတော့ လွယ်လွယ်နဲ့ ဒီအမြင်ရတယ်လို့ မအောက်မေ့လေနဲ့။
မမှန်ကန်တဲ့ အမြင်တွေဆိုတာ လောကမှာရှိနေတယ်။ ပြောရမယ်ဆိုရင် မြတ်စွာဘုရား ပွင့်တဲ့အချိန်တုန်းက ခေတ်ပြိုင်ပေါ်လာတဲ့ အဇိတကေသကမ္မလ ဆိုတဲ့ ဆရာကြီးရှိတယ်။ အဇိတဆိုတဲ့ နာမည်နဲ့ နတ္ထိကဝါဒကို ဟောပြောတယ်။ ခုခေတ် materialism ရုပ်ဝါဒီလို့ ပြောရမှာပေါ့။ ရုပ်ဝါဒကို ဆွဲကိုင်ထားတဲ့ အဇိတ ရဲ့ဝါဒမှာ ငြင်းပယ်မှု(၁၀)မျိုးကိုပြောတာ။ အဲဒီမှာ ဘာပါတုန်းဆိုတော့ နတ္ထိမာတာ၊ နတ္ထိပိတာ၊ ဒီစကားလုံးကို အဓိပ္ပာယ် တိုက်ရိုက်ပြန်လို့ရှိရင် နတ္ထိမာတာ- အမေ ဆိုတာ မရှိဘူး၊ နတ္ထိပိတာ- အဖေဆိုတာ မရှိဘူး၊ သူ့အမြင်ကနော်။ လောကမှာ အမေ၊ အဖေမရှိဘူးလို့ ပြောခြင်းဟာ အမေကို အသိအမှတ်မပြုခြင်းနဲ့ အဖေကို အသိအမှတ် မပြုခြင်းပဲဖြစ်တယ်။ ဒီဝါဒဟာ အလွန်ကြမ်းတမ်းရက်စက်ပြီး လူ့ လောကကြီးကို တိရစ္ဆာန် အဆင့်ရောက်သွားအောင်တွန်းပို့တဲ့ ဝါဒကြီးသာဖြစ်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ဝါဒကြီး။
မြတ်ဗုဒ္ဓရဲ့အယူအဆက အတ္ထိမာတာ၊ အတ္ထိပိတာ၊ အမေ၊ အဖေဆိုတာ ရှိတယ်၊ အမေကို အသိအမှတ်ပြုတယ်၊ အဖေကို အသိအမှတ်ပြုတယ်၊ ဒီလို ရှိတာ ကိုး။ အမေ၊ အဖေကို အသိအမှတ်ပြုခြင်းအားဖြင့် မိဘရဲ့ ကျေးဇူးတရားရှိတယ် ဆိုတာ အသိအမှတ်ပြုပြီး ဖြစ်သွားတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကျတော့ “မာတာပိတု ဥပဋ္ဌာနံ ပဏ္ဍိတ ပညတ္တံ၊ သပ္ပုရိသ ပညတ္တံ” လို့ သတ္တိသုတ္တန်မှာ ဒီလိုဟောထားတာ ရှိသေးတယ်။ “မာတာပိတုဥပဋ္ဌာနံ−မိဘကို ပြုစုလုပ်ကျွေးခြင်း သည်၊ ပဏ္ဍိတ ပညတ္တံ‘ပညာရှိတွေ အသိအမှတ်ပြုသော အရာဖြစ်တယ်၊ သပ္ပုရိသ ပညတ္တံ-လူတော်လူကောင်းတွေ အသိအမှတ်ပြုတဲ့အရာသာ ဖြစ်တယ်”။
ဒီစကားကို ကြည့်မယ်ဆိုလို့ရှိရင် ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ မိဘကို ပြုစု လုပ်ကျွေးသင့်တယ်ဆိုတဲ့ အယူအဆကို ယူဆတာဖြစ်တယ်။ သူတော်ကောင်း ကသာလျှင် မိဘကို ပြုစုတယ်ဆိုတဲ့ အယူအဆကို ယူဆတာ ဖြစ်တယ်။
ကမ္ဘာလောကမှာရှိတဲ့ လူတိုင်းဟာ မိဘရဲ့ ကျေးဇူးတရားမပြောနဲ့၊ မိဘ ကိုတောင် အသိအမှတ်မပြုဘူး လို့ဆိုတာ အင်မတန်မှထင်ရှားတယ်။ ဒီကနေ့ ဗုဒ္ဓ ဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာပင်လျှင် မိဘကို စော်ကားမော်ကားပြောတာတို့၊ မိဘကို သတ်ဖြတ်ကျူးလွန်ပြီးတော့ မာတုဃာတကကံ၊ ပိတုဃာတကကံ ကျူးလွန် တာတွေဆိုတာ တော်တော်လေးတွေ့လာရတယ်။ ဒါဟာ မိဘအပေါ် လေးစားမှု၊ ကျေးဇူးတရား သိတတ်မှု လျော့နည်းလာတဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။ ဒီလို လျော့နည်းလာခြင်းဟာ ကောင်းတဲ့အသွင်လက္ခဏာ မဟုတ်ဘူး၊ ဆိုးဝါးတဲ့ အသွင် လက္ခဏာတစ်ခုဖြစ်တယ်။ ဒါကိုသတိထားပြီး သူတော်ကောင်းတရား ထွန်းကား အောင် ကြိုးစားကြရမယ်။
မိဘဆိုတာ ရှိတယ်၊ မိဘရဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်၊ မိဘကိုပြုစုရင် ကောင်းကျိုး ချမ်းသာတွေ ရတယ်၊ မိဘကို စော်ကားရင် မကောင်းတဲ့အကျိုးတွေ ရတယ်ဆိုတဲ့ ဒီအတွေးအခေါ် အမြင်တွေ လူငယ်လူရွယ်တွေ ရဲ့ကြားမှာ စွဲစွဲမြဲမြဲကြီး ရှိနေဖို့၊ လူ့ယဉ်ကျေးတွေရဲ့ကြားမှာ စွဲစွဲမြဲမြဲရှိနေဖို့ ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ ဒါဟာ ဘုရားရဲ့အဆုံးအမ သုဂတဝိနယ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာ တစ်လုံးပဲဖြစ်ဖြစ်၊ နှစ်လုံးပဲဖြစ်ဖြစ် အများအကျိုး အတွက် ဖြစ်တယ်၊ ကုသိုလ်ကောင်းမှု ရဖို့အတွက်ဖြစ်တယ်၊ ကောင်းကျိုးချမ်းသာ တွေ ရဖို့အတွက်ဖြစ်တယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကောင်းတာလုပ်မှ ကောင်းကျိုး ရနိုင်တယ်၊ အခြေအနေကောင်းမှ သုခ ဆိုတာလည်း လာတယ်။ ဟိတ နဲ့ သုခဟာ တွဲလာတာ ဖြစ်တယ်။ မကောင်းတဲ့အတွေးအခေါ်တွေကို အဟိတ လို့ခေါ်တယ်။ အဟိတတွေလက်ခံလာပြီ ဆိုလို့ရှိရင်တော့ ဒုက္ခနဲ့တွေ့မှာပဲ။ ဟိတဆိုတဲ့ ကောင်းကျိုး ချမ်းသာတွေ ရရှိနိုင်တဲ့ အခြေအနေကောင်းတွေကို လက်ခံထားမှ သုခလို့ဆိုတဲ့ ချမ်းသာကိုရမှာဖြစ်တယ်။
ဒါကြောင့်မို့ ဟိတ နဲ့ သုခ ဆိုတဲ့ ဒီစကားလုံးနှစ်လုံးကို တွဲဖက်ပြီးသုံးထား တာ။ ဟိတ ဆိုတာ အခြေအနေ ကောင်းတာကိုခေါ်တာ၊ သုခဆိုတာ ကောင်းကျိုး ချမ်းသာကိုပြောတာ။ ဆိုပါစို့- ပခုက္ကူမြို့ကြည့်၊ တံတားကြီး ဆောက်လိုက်တဲ့အခါ ကျတော့ သွားရေးလာရေး အခြေအနေတွေ ကောင်းမသွားဘူးလား၊ ကောင်းသွား တယ်။ အဲဒီ အခြေအနေကောင်းကို အကြောင်းပြုပြီးတော့ သွားရေးလာရေး လွယ်ကူ၊ အရောင်းအဝယ်တွေ တိုးတက်ဖွံ့ဖြိုးလာ တယ်။ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက်ကြောင့်၊ သုခ- စီးပွားဥစ္စာတွေ တိုးတက်ပြီး ချမ်းသာကြွယ်ဝလာတယ်။