လှုပ်ရှားမှု ပုံရိပ်များ
ကိုယ့်ဘဝ ကိုယ်ပြင် ဆုံးမစာ
ကိုယ့်ဘဝ ကိုယ်ပြင်
လောကလူတွေဟာ လူတိုင်းလူတိုင်း ကိုယ့်ကိုကိုယ်ချစ်ခင်ကြတယ်၊ ကိုယ့်ကို ကိုယ် တန်ဖိုးထားကြတယ်၊ ကိုယ့်ကိုကိုယ် လေးစားကြတယ်။ မြတ်စွာဘုရား ကလည်း “အတ္တသမံ ပေမံ နတ္ထိ” မိမိကိုယ်နဲ့ အလားတူချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူးတဲ့။ ကိုယ့်ကိုကိုယ်သာအချစ်ဆုံးပဲလို့ဟောထားတဲ့ သုတ္တန် တွေ ရှိတယ်ပေါ့။ ဒါက လူ့သဘာဝကိုဟောတာ။
ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်ကြည့်ရင် လောကမှာ ချစ်ခင်စရာပုဂ္ဂိုလ်တွေ မြောက်များစွာရှိသော်လည်း ကိုယ့်ကိုကိုယ် ချစ်ခင်ဆုံးဆိုတာ အင်မတန်သေချာ တယ်ပေါ့။ အဲဒီတော့ “ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုကိုယ်ပြင်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်”။
မြတ်စွာဘုရားကသတိပေးတယ် “အတ္တာနဉ္စိ ပိယံ ဇညာ– ကိုယ့်ကိုကိုယ် ချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ ယူဆမယ်, သိမြင်မယ်ဆိုရင်၊ ရက္ခေယျ နံ သုရက္ခိတံ- ကိုယ့်ကိုကိုယ် စောင့်ရှောက်ပါ, ပြုပြင်ပေးပါ”တဲ့။ ကိုယ့်ကိုကိုယ် မပြုပြင်ရင် ချစ်ရာ မရောက်ဘဲနဲ့ နှစ်ရာရောက်တယ်လို့ ဆိုလိုတာပေါ့။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် တယ်လို့သိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောင့်ရှောက် ရမယ်၊ ပြုပြင်ရမယ်တဲ့။
“တိတ္ထံ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော”
လူ့ရဲ့ဘဝမှာ အရွယ်သုံးမျိုးရှိတယ်။ သက်တမ်း(၁ဝဝ)ရှိတဲ့ လူသားတွေမှာ အရွယ်ကို သုံးပုံပုံလိုက်တဲ့အခါ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ပေါ့။ ပထမအရွယ်ဆိုတာ ပထမ ၃၃-နှစ်၊ ဒုတိယ ၃၃-နှစ်က ဒုတိယအရွယ်၊ တတိယ ၃၃-နှစ်က တတိယအရွယ်လို့ ဒီလိုအရွယ်သုံးပါး ပိုင်းခြားပြီးကြည့်လို့ရတယ်။ လူတွေ သည် အရွယ်အလိုက် ကိုယ့်ကိုကိုယ် ပြုပြင်ကြရတယ်။ ကိုယ့်ဘဝ ကြီးပွား တိုးတက် အောင် လုပ်ကြရတယ်။
ဒါ့ကြောင့် “ကိုယ့်ကိုကိုယ်ချစ်ခင်တယ်လို့သိတဲ့ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသည် အရွယ်သုံးပါး တစ်ပါးပါးမှာ ကိုယ့်ကိုကိုယ်ပြုပြင်တဲ့အလုပ်ကို လုပ်ရမယ်။” လူ့ဘဝ ဆိုတာ ပထမအရွယ်ပြီးရင် ဒုတိယအရွယ်ရောက်မယ်၊ ဒုတိယအရွယ်ပြီးရင် တတိယအရွယ်ရောက်မယ်၊ တတိယအရွယ်ရောက်ပြီးရင် ဘဝတစ်ခုက ကုန်ဆုံး မယ်။ ဒါက ယေဘုယျစကားအနေနဲ့ပြောတာ။ လူတိုင်းလူတိုင်း အရွယ်သုံးပါးလုံး ပြည့်စုံအောင်ရတာ မဟုတ်ဘူး။ ပထမ အရွယ်မှာ သေချင်လည်းသေမယ်၊ ဒုတိယအရွယ် သေချင်လည်းသေမယ်၊ တတိယ အရွယ် သေချင်လည်းသေမယ်။ အဲဒီတော့ အရေးကြီးဆုံးက လူ့ဘဝရောက်လာလို့ အသိဉာဏ်ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို ကိုယ့် ဘာသာကိုယ်သိအောင် ကြိုးစားရမယ်။
ဘာကို ပြင်မှာလဲ?
ကိုယ့်မှာ ဘယ်လိုအကျင့် စရိုက်တွေရှိသလဲ? ရာဂစရိုက် ရှိသလား၊ ဒေါသ စရိုက် ရှိသလား၊ မောဟစရိုက် ရှိသလားဆိုတာတွေကို သိအောင် ကြိုးစားရမယ်။ ရာဂစရိုက်ဆိုသည်မှာ အကောင်းကြိုက်တာကို ဆိုလိုတာ။ လူတိုင်းလူတိုင်း ကောင်းတာ ကြိုက်ပေမယ့်လို့ သူများထက် လွန်လွန်ကဲကဲကြီး လောဘကြီးသလား၊ အရာရာမှာ တွယ်တာမှုတွေ များနေသလားဆိုတာ စဉ်းစားပြီး ရာဂစရိုက်တွေကို လျှော့ချပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒီလို လျှော့ချပေးတာသည် ပြုပြင်ခြင်းပဲ။
ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ထစ်ခနဲဆို စိတ်တိုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီ စိတ်တိုမှုဆိုတဲ့ ဒေါသတွေ မိမိသန္တာန်မှာရှိသလား၊ ကြီးထွားနေသလားဆိုတာ ကိုယ့် ကိုကိုယ် ဆန်းစစ်ရမယ်။ ဆန်းစစ်လို့ ရှိနေတယ်ဆို ရင်လည်းပဲ ခုဘဝမှာ ပြင်ရမယ် တဲ့။ မပြင်ဘူးဆိုရင် ဘယ်ဘဝရောက်ရောက် ဒေါသစရိုက်ကြီးက မပျောက်ဘဲ ဖြစ်တတ်တယ်တဲ့။
နောက်တစ်ခါ မောဟစရိုက်ဆိုတာ အရာရာမှာ စဉ်းစားဆင်ခြင်မှုတွေ အားနည်းတယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မသိဘူး။ မသိသည့်အတွက် ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူး လို့ထင်တယ်။ မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ပြောလိုက်ရင်လည်း အမှား၊ ကြံတွေး လိုက်ရင်လည်း အမှား၊ မှား၊ လုပ်လိုက်ရင်လည်းအမှားပဲ ဖြစ်တယ်တဲ့။
မှားမှားယွင်းယွင်းတွေလုပ်မိပြီး မောဟတရားရဲ့ လွှမ်းမိုးမှုခံရပြီဆိုရင် အရာရာမှာ သိမြင်နိုင်စွမ်းမရှိဘဲ အမှန်တရားဘက်မရောက်ဘဲ မှားယွင်းတဲ့လုပ်ရပ်တွေ လုပ်ရင်းလုပ်ရင်းနဲ့ ဘဝမှာနစ်မွန်းသွားနိုင်တယ်။ ဒါ့ကြောင့်မို့ ဒီမကောင်းတဲ့ စရိုက်တွေကိုရှောင်ပြီး ကောင်းတဲ့စရိုက်တွေဆောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြုပြင် ရမယ်။
ဒီကနေ့ခေတ်မှာ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်မိသားစုမှာ လူလာဖြစ်ကြတယ်။ အဲဒီလို လူလာဖြစ်တဲ့အခါ မိမိတို့ရဲ့ အကျင့်စရိုက်တွေကို မိမိတို့ကိုယ်တိုင် သိအောင်ကြိုးစားဖို့လိုအပ်တယ်။ အခုလို တရားပွဲတွေကျင်းပပြီး တရားနာရတယ်။ တရားနာရင် အသိဉာဏ်တွေရတယ်။ အသိဉာဏ်ရတဲ့အခါ ကိုယ့်ရဲ့စရိုက်တွေကို ကိုယ့်ဘာသာကိုယ် အကဲခတ်နိုင်တယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီစရိုက်တွေနဲ့ပတ်သက်ပြီး ကိုယ့် ဘာသာကိုယ် သိရှိနားလည်ပြီဆိုရင် ထိုစရိုက်ကို ပျောက်ငြိမ်းစေတတ်တဲ့ ကမ္မဋ္ဌာန်း တွေလည်းပဲ အသီးသီးပေးထားတာတွေ ရှိတယ်ပေါ့။
“ရောဂါနဲ့ဆေး တည့်အောင်ပေး၊ ရောဂါရှိရင် ဆေးရှိတယ်” ဆိုတာလို စရိုက်ဆိုးတွေရှိရင် စရိုက်ဆိုးတွေကို ပျောက်ကင်းစေနိုင်တဲ့ ကျင့်စဉ်တွေ ရှိနေတာပဲ ပေါ့။ အဲဒီ ကျင့်စဉ်တွေကို နားလည်အောင်လုပ်ပြီး မိမိသန္တာန်မှာ ဖြစ်တဲ့ စရိုက်ဆိုး တွေကို လျှော့ချပေးနိုင်ရမယ်။
အဲဒီလို မလျှော့ချနိုင်ဘူးဆိုရင် သံသရာလည်ရတဲ့ပုဂ္ဂိုလ်တွေသည် ဘဝမှာ အရုပ်ဆိုး အကျည်းတန် ဖြစ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ့်ဘဝကိုယ်ပြင်ရမယ်။ သူများက ပြင်တယ်ဆိုတာ အကြံပေးရုံလောက်ပဲ၊ ဆုံးမဩဝါဒ ပေးရုံလောက်ပဲ ဖြစ်တယ်။ အကြံပေးပေမယ့် မိမိကိုယ်တိုင်က မပြင်သေးသမျှ အကောင်း ဘယ်တော့မှမဖြစ်ဘူး။ မိမိကိုယ်တိုင်ပြင်မှ အကောင်းဖြစ်တယ်တဲ့။