လှုပ်ရှားမှု ပုံရိပ်များ
ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ တရားတော်မှကောက်နှုတ်ချက်
ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
မြတ်စွာဘုရား ဟောကြားတဲ့ အင်္ဂုတ္တရနိကာယ် သမယသုတ္တန် အရ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ” ကို မှတ်သားနာယူကြမယ်။ တရားနာတယ်ဆိုတာ အသိဉာဏ်ရဖို့နာကြတာ၊ အသိဉာဏ်ဟာ အင်မတန် မှ အရေးကြီးတယ်။ ဘဝခရီးလျှောက်လှမ်းတဲ့အခါမှာ အမှားအယွင်းမရှိ မှန်ကန်တဲ့ လမ်းကို လျှောက်နိုင်အောင် လူတိုင်းလူတိုင်း အသိဉာဏ်တွေရရှိဖို့ ကြိုးစားကြရမယ်။ တရားနာခြင်းဖြင့် မှန်ကန်တဲ့အသိဉာဏ်တွေကို ရနိုင်တယ်။
လောကလူသားတွေဟာ ကမ္ဘာဦးကာလကစပြီးတော့ ကိုးကွယ်ရာကိုရှာလာခဲ့ကြတာ အခုထိပဲ၊ ကိုးကွယ်ရာရှာလို့မပြီးသေးဘူး။ အဲဒီလို ကိုးကွယ်ရာရှာခြင်းဟာ အမှန်မသိခြင်း, ပညာအားနည်းခြင်းကြောင့် ဖြစ်တယ်။ အသိဉာဏ် လုံလုံလောက် လောက် မရှိရင် လူတွေဟာကြောက်ရွံ့ကြတယ်။ သဘာဝစွမ်းအားကြီး တွေကို ထိတ်လန့်ကြောက်ရွံ့ကြတယ်။ အဖြေမထုတ်နိုင်သည့်အတွက် တန်ခိုးရှင်ကြီးတွေကို စိတ်ထဲမှာဖန်တီးပြီး ကိုးကွယ်ကြတယ်။ ကနေ့ထိအောင် ဒီကိုးကွယ်မှုဆိုတာ မကင်း သေးဘူး၊ နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြတယ်။
ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါကာလတုန်းက “ဣဿရ” လို့ခေါ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူ ကောင်းကင်ဘုံက တန်ခိုးကြီးဗြဟ္မာကို ရည်မှန်းပြီး ကိုးကွယ်တာ။ သို့သော် ကမ္ဘာကြီးကိုဖန်ဆင်းသူ ဗြဟ္မာကို ဘယ်သူတွေ့ဖူးလဲဆိုရင် ဘယ်သူမှ မတွေ့ဖူးဘူး။ မာဆင့်စကားကြားပြီး လူတွေအကြောက်ပြေဖို့အတွက် ကိုးကွယ်နေကြတာ။ တကယ်တော့ မှန်ကန်မှုရှိလားဆိုတော့ ဘယ်လိုမှ မှန်ကန်မှုမရှိဘူး။ မှန်ကန်မှုမရှိသည့် အတွက် တန်ခိုးရှင်က “မ,စနိုး မ,စနိုး” နဲ့ ကိုးကွယ်ရာ ကနေ နောက်ဆုံးမှာ ဆင်းရဲတွင်းနက်သွားကြတဲ့ သူတွေအများကြီးပဲ။
တကယ်တော့ လူတွေရဲ့အသိဉာဏ်လောက်တန်ဖိုးရှိတာ အခြားဘယ်ဟာမှ မရှိဘူး။ လူတွေကို ကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုတာ အစွမ်းတန်ခိုးရှိရုံနဲ့ မပြီးဘူး။ အစွမ်းတန်ခိုးနဲ့ မ,စလို့လဲ လူတိုင်းလူတိုင်းကို ကောင်းကျိုးချမ်းသာ ပေးနိုင်တာ မဟုတ်ဘူး။
လက်တွေ့အားဖြင့် စဉ်းစားကြည့်ပေါ့။ ‘ဣဿရ” လို့ဆိုတဲ့ ထာဝရဘုရား သခင် (သို့မဟုတ်) God ဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက လူတွေကို ဖန်ဆင်းတယ်။ ကမ္ဘာကြီးကိုဖန်ဆင်းတယ်လို့ယုံကြည်ပြီး အဲ့ဒီ God ဆိုတဲ့ ဣဿရ ဗြဟ္မာကြီးကို လူတွေဟာ ကိုးကွယ် ဆည်းကပ်နေကြတယ်။ ဒီလိုလုပ်ရင်ဖြင့် သူက ကျေနပ်ကောင်းရဲ့လို့ ရည်ရွယ်ချက်နဲ့ လူတွေက ဒီလိုကိုးကွယ် နေကြတယ်။ လူတွေ မှာ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းပါးလို့ မစဉ်းစားနိုင်ကြဘူးပေါ့။
ထာဝရဘုရားသခင်က ဖန်ဆင်းတယ်ဆိုလို့ရှိရင် ချမ်းသာပြီး ရုပ်အဆင်း လှတဲ့သူတွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ ဆင်းရဲပြီးဒုက္ခရောက်တဲ့ပုဂ္ဂိုလ် တွေကို ဖန်ဆင်းတာလဲ။ နောက်တစ်ခါ သူ့ကိုအကျိုးပြုမယ့် ပုဂ္ဂိုလ်တွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့သူတွေကို ဖန်ဆင်း တာလဲ။
အားလုံးဟာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုကိုခံရတဲ့သူတွေချည့်ဆိုရင် ရုပ်အဆင်း တူညီသင့်တာပေါ့၊ အဲ့လို မတူညီဘဲနှင့် ဆင်းရဲတဲ့ သူက ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာ၊ ရုပ်ဆိုးတဲ့သူကဆိုး၊ ရုပ်လှတဲ့သူကလှ၊ ဒုက္ခရောက်တဲ့သူကရောက်၊ အမျိုးမျိုးအဖုံဖုံဖြစ်နေကြတာ ဘုရားသခင်ဖန်ဆင်းလို့တော့မဟုတ်ဘူး၊ အကြောင်း တစ်ခု ရှိနိုင်သေးတယ်လို့ စဉ်းစားပြီးကြည့်ရမယ်။ အခုလို ဆူကြုံနိမ့်မြင့် မတူညီမှုတွေနဲ့ ဘဝကို ရောက်ရှိလာကြတာ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ်ကြည့်။
မြတ်စွာဘုရား ပွင့်လာတဲ့အခါ မြတ်စွာဘုရားက သူကိုယ်တိုင် တရားဓမ္မကို ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး ကမ္ဘာလောကကြီးကို သမာဓိစွမ်းအား၊ ပညာ စွမ်းအားဖြင့် စုစည်းပြီးကြည့်တယ်။ ကမ္ဘာကြီးတစ်ခုလုံးစုစည်းပြီး ဒိဗ္ဗစက္ခုအဘိဉာဏ် နဲ့ ကြည့်တာ။ အဲ့ဒီ ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ လူတွေရဲ့ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားမှု တွေရဲ့ နောက်ခံအကြောင်းကိုရှာတယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ မကောင်း တာ ခံစားရတာကို တွေ့ရတယ်။ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေ ကောင်းကျိုး ချမ်းသာ ခံစားရတာကိုတွေ့ရတယ်။ ကိုယ်တိုင်တွေ့ရှိပြီး သိမြင်တဲ့အခါမှာ မြတ်စွာ ဘုရားက “ကံတရား” ကိုဟောတယ်။
ဘုရားဆိုတာ အစွမ်းတန်ခိုး ရှိရုံနဲ့ မရဘူး။ “ကရုဏာ” ဆိုတဲ့ အကြင်နာတရား လည်း ရှိရမယ်။ အကယ်၍ “ကရုဏာ” ဆိုတဲ့ “အကြင်နာတရား” မရှိလို့ရှိရင် ကိုယ်ဖန်ဆင်းထားတဲ့ သတ္တဝါတွေကို ဒဏ်ခတ်ပြီး အပြစ်ပေးတာမျိုး ဖြစ်လာမယ်။ “ကရုဏာ” ရှိမှ သတ္တဝါတွေအားလုံးကို ညီတူညီမျှ သနားကြင်နာမှုဆိုတာရှိမယ်။ “ကရုဏာ” ဆိုတဲ့ သဘောတရားက ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တဲ့သဘော၊ ဒုက္ခရောက်နေတဲ့သတ္တဝါတွေ မရောက်စေချင်တဲ့သဘောကိုခေါ်တယ်။ အကယ်၍ ‘ကရုဏာ’ မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ်။
ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားက ဒဏ်ခတ်တာတို့၊ အပြစ်ပေး တာတို့ ဘယ်တော့မှ မရှိဘူး။ တချို့က “ဘုရားစူးတယ်” “ဘုရားက ရိုက်တယ်” လို့ သုံးကြတယ်။ အဲ့ဒါ ဒီဘုရားမဟုတ်ဘူး၊ ဘုရားက ရိုက်တယ်ဆိုတာ မရှိဘူး။ အားလုံးအပေါ်မှာ အကြင်နာတရားပဲရှိတယ်။ အကြင်နာတရားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကိုပြတယ်။ “ဂေါတမဗုဒ္ဓ” ဆိုတာ လူသားစစ်စစ်ပဲ၊ ပညာရှိတဲ့ ပုဂ္ဂိုလ် သူမြတ်ဖြစ်လို့ ဘယ်တော့မှ ဒုက္ခရောက်အောင်မလုပ်ဘူး။ ဒုက္ခရောက်နေတဲ့ သတ္တဝါတွေကို ဒုက္ခမရောက်စေချင်လို့ ဆုံးမသွန်သင် ပေးတာပဲရှိတယ်။ ဒဏ်ခတ်တဲ့ ဘုရားက ဒီဘုရားမဟုတ်ဘူး။ စူးတဲ့ဘုရားလည်း ဒီဘုရားမဟုတ်ဘူး။ မြတ်စွာဘုရား ဆိုတာ အကြင်နာတရားကြီးမားသူသာဖြစ်တယ်။
ဘာသာတရားကို ဟောပြောတဲ့ ဘုရားဟာ အကြင်နာတရားရှိရုံနဲ့ မလုံလောက်ဘူး။ ပညာလည်းရှိဖို့ လိုအပ်တယ်။ ပညာရှိမှ “လုပ်သင့်တာနဲ့ မလုပ် သင့်တာ” ဒီနှစ်ခုကိုခွဲခြားပြီး ဟောပြောနိုင်တယ်။ “မလုပ်သင့်တာကို” “လုပ်သင့် တယ်လို့” ဟောမယ်၊ “လုပ်သင့်တာကျတော့” “မလုပ်သင့်ဘူးလို့’ ဟောမယ်ဆိုရင် သူ့အဆုံးအမအတိုင်း လိုက်နာသူမှန်သမျှ ဒုက္ခရောက်မှာပေါ့။
ရောဂါရှိနေတာ အမှန်မသိလို့ ရောဂါနဲ့မတည့်တဲ့ အစာကျွေးတယ်၊ ရောဂါနဲ့ မတည့်တဲ့ဆေးကို ပေးမယ်ဆိုရင် ဒုက္ခရောက်မှာပဲလေ။ အဲတော့ ပညာ လုံလုံ လောက်လောက်ရှိဖို့လိုတယ်။ မြတ်စွာဘုရားက ပညာနဲ့ကြည့်ပြီး သတ္တဝါတွေရဲ့ အကျိုးစီးပွား ရှိရာရှိကြောင်း ဆုံးမဩဝါဒပေးတယ်။ အဲ့ဒီ ဆုံးမဩဝါဒအတိုင်း လိုက်နာကြရမှာလို့ဆိုတယ်။