လှုပ်ရှားမှု ပုံရိပ်များ
“ကြွားတဲ့ပုဂ္ဂိုလ်ဟာ လူအထင်ကြီးစေချင်တယ်ဆိုတဲ့ တဏှာဖြစ်တာပဲ”
နောက်ထပ် ဆက်ပြီးတော့ အဖြေတစ်ခု ထပ်ပေးတယ်။
‘အက္ကောဓနော အသန္တာသီ,
အဝိကတ္ထီ အကုက္ကုစော၊
မန္တဘာဏီ အနုဒ္ဓတော,
သ ဝေ ဝါစာယတော မုနိ’။
⭐️အမျက်ဒေါသကင်း၍ တုန်လှုပ်မှုမရှိဘူး။ ‘အက္ကောဓနော အသန္တာသီ’၊ ဒီမှာတော့ ဒေါသတိုက်ရိုက်ကို ပြောလိုက်တယ်။ စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်က တုန်လှုပ်တယ်။ ဒါကြောင့်မို့ အမျက်ဒေါသကင်း၍ တုန်လှုပ်မှု မရှိသူ ဖြစ်ရမယ်။ ဒါမှ ဥပသန္တ-ငြိမ်သက် အေးချမ်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ်က ဘယ်တော့မှ မတည်ငြိမ်ဘူးလို့ ပြောတာ။ အဲဒီတော့ အမျက်ဒေါသကင်း၍ တုန်လှုပ်ခြင်းမရှိသူ။
⭐️နောက်တစ်ခုက အဝိကတ္ထီ -မကြွား မဝါတတ်ဘူး။ လူတွေဟာ နည်းနည်းဆို များများပြောတာ။ အဲဒါ ကြွားဝါတာ၊ ထုတ်ပြီးတော့ ကြွားတာ။ အချင်းချင်းဆိုလို့ရှိရင် ပြောကြတယ်။ ကိုယ့်ကြွားစရာမရှိရင်လည်း’ကျွန်မသားက ဆရာဝန်ကြီး, အင်ဂျင်နီယာကြီးနဲ့’ သူ့မှာ ကြွားစရာမရှိရင် သားသမီးနဲ့လည်း ကြွားတာ။ ‘ကျွန်မတို့ စီးတဲ့ကားက ဘာကားကြီး’နဲ့ ဆိုပြီး။ ‘အိမ်က ဘယ်လောက်’နဲ့ ပြောကြ ကြွားကြတယ်လေ။ ကိုယ့်ရှိတာရော မရှိတာရော ထည့်ပြီး ကြွားလိုက်တာ။
⭐️အမှန်ကတော့ ကြွားတဲ့ပုဂ္ဂိုလ်ဟာ လူအထင်ကြီးစေချင်တယ်ဆိုတဲ့ တဏှာဖြစ်တာပဲ။ အဲဒီ အထင်ကြီးစေချင်တာကို ကျန်တဲ့လူက အထင်မကြီးဘူးဆိုရင် အဲဒီမှာ ဒေါသဖြစ်တာ။ ဒါကြောင့်မို့ စိန်နားကပ် ပန်လာတဲ့လူက ခေါင်းကို အငြိမ်မနေဘူး၊ ခေါင်းလေး ယမ်းယမ်းပြတယ်။ဘာဖြစ်လို့တုန်းဆို စိန်က အဲဒီကျမှ တလက်လက်နဲ့ အရောင်ထွက်တာကို။ ငြိမ်နေရင် အရောင်မထွက်ဘူး။ ခေါင်းလေးခါလိုက်လို့ရှိရင် စိန်လေးက လက်ကနဲဖြစ်သွားတယ်။ အဲဒီ အရောင်လေးကိုလည်း လူမြင်စေချင်တယ်။ ဒါကြောင့်မို့ ခေါင်းလေး တခါခါနဲ့ လုပ်တတ်တယ်လို့ ပြောတာ ကြားဖူးတယ်။ အဲဒီလို လူဆိုတာ ကြံဖန်ပြီးတော့ လုပ်တတ်တယ်၊ ကြံဖန်ပြီးတော့ ကြွားတတ်တယ်။
⭐️ဟိုအရင်တုန်းက စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတာ၊ ဈေးသွားဝယ်တယ်။ တကယ် ဝယ်လာတာတွေက ချဉ်ပေါင်ရွက်တို့ ကန်စွန်းရွက်တို့ ဝယ်တာ၊ လူအထင်ကြီးအောင် ဘာလုပ်တုန်းဆို ကြက်ခြေထောက် နှစ်ချောင်းကို ဈေးကနေ ဝယ်လာပြီးတော့ ချဉ်ပေါင်ရွက်ပေါ်မှာ ကြက်ခြေထောက် နှစ်ချောင်းကို ထောင်ထားတယ်။ ကြက်ကောင်လုံး ဝယ်လာတဲ့ပုံစံမျိုး ပြတယ်လို့ အဲဒီလို ကြားဖူးတာပဲ။
⭐️အဲဒါ ကြွားတယ်ဆိုတာ နေရာတကာတိုင်းမှာ ရှိတယ်။ ဒါ လူရဲ့စိတ်ဓာတ်ပဲ။ ကိုယ့်ကို အထင်သေးမှာ စိုးတယ်။ အထင်ကြီးစေချင်တယ်။ အထင်ကြီးစေလျက်သားနဲ့ အထင်မကြီးဘူးဆိုရင် လူက စိတ်တိုတယ်။ အဲဒါ ငြိမ်သက်အေးချမ်းတဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး။ ကိုယ့်ကို အထင်ကြီးနေစေချင်လို့ရှိရင် လူတိုင်းကလည်း အထင်ကြီးမှာမှ မဟုတ်တာ။ ကိုယ်က အထင်ကြီးစေချင်တယ်၊ သူက အထင်မကြီးဘူးဆိုတော့ စိတ်ထဲမှာ အလိုမကျဖြစ်တတ်တယ်။
⭐️မြတ်စွာဘုရား ဖြေတာ လူ့သဘာဝကွက်တိပါပဲ။ ဒါကြောင့်မို့ အဝိကတ္ထီ -မကြွားဝါတတ်တဲ့ပုဂ္ဂိုလ်မှ ငြိမ်သက်အေးချမ်းတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ”မဟာသမယနေ့၌ ဟောကြားအပ်သည့် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များ အပိုင်း(၄ )” မှ မျှဝေပါသည်။
မဝေဝေလွင် ကိုသူရိန်အောင်တို့မှ ရေးသား ပူဇော်သည်။
Transcribed by – Ko Thu Rein Aung
Typed by- WWL (18-Mar-2025)