လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော် ဘုရား သက်တော် (၈၅) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မဟောသဓပညာရှိနှင့် သူ၏ ပညာစွမ်းအား” စာအုပ် အမှတ်စဉ် (၁၉၂) အဖြစ် ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော် ဘုရား သက်တော် (၈၅) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မဟောသဓပညာရှိနှင့် သူ၏ ပညာစွမ်းအား” စာအုပ် အမှတ်စဉ် (၁၉၂) အဖြစ် ထွက်ရှိသည်။
ဤစာအုပ်တွင် အပ်ုင်း (၁၆) ပိုင်း စာမျက်နှာ ၃၃၀ ခန့် ပါရှိပြီး ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဟောတရားက်ု စာအုပ် အဖြစ်ဖတ်ရှူ နိုင်ရန် အကြိမ်ကြိမ် ပြန်လည်တည်းဖြတ် ပေးထားပြီး မကြာခင်ရောက်ရှိလာတော့မည့် သက်တော် (၈၅) နှစ်ပြည့် ဝိဇာတ မွေးနေ့ တွင် သံဃာ အပါး (၁၀၀၀) အတွက် လှူဒါန်းမှု အစုစုတို့တွင် ဆရာတော်ဘုရား ကြီး၏ ကုသိုလ် အဖြစ် ဒါနပြုထည့်သွင်း လှူဒါန်း သွာရန်လည်း စီစဉ်ထားရှိသည်။
ငါးရားငါးဆယ် ဇာတ်နိပါတ်တော်ထဲမှ (၅၄၂) ဇာတ်မြောက် ဉမင်္ဂဇာတ် တွင် ပါရှိသည်။ ဉင်္မဂ ဆိုတာ ဉမင်လှိုဏ်ခေါင်း ဆိုတဲ့ အဓ်ိပ္ပါယ် ခုခေတ် Tunnel လို့ခေါ်တဲ့ အရာမျိုးပဲ။
တခြားဇာတကတွေမှာပါတဲ့ ၁၃ ခု၊ အဲဒီ ဇာတက (၁၃) ခု မှာပါတဲ့ ဂါထာ ၁၄၉ ပုဒ် နဲ့ ဉမင်္ဂ ဇာတ်မှာပါတဲ့ ဂါထာ ၂၀၄ ပုဒ် ပေါင်း ဂါထာ ပုဒ် ပါင်း ၃၅၃ ပုဒ် ပါဝင် တဲ့ မဟောသဓ အကြောင်းကို ဆရာတော်ဘုရား ဟောကြားထားရှိထားခြင်းဖြစ်သည်။
✅✅✅✅
ဤ တရားဒေသနာ တွင် ဆရာတော် ဘုရား ဟောကြားထားရှိသည်မှာ
မဟောသဓပညာရှိနှင့် သူ၏ပညာစွမ်းအား
ဘုရားအလောင်းတွေ ပညာပါရမီ ဖြည့်တယ်ဆိုတာ ကိုယ်တိုင် သင်ယူခြင်းသာလျှင် ဖြစ်တယ်။ သို့သော် ပညာရဲ့ အထောက်အကူ ကုသိုလ်တွေ မရှိဘူးလားဆိုရင် ရှိတယ်။ “ဆီမီး လှူပြီး ပညာဉာဏ် ကြီးရပါလို၏” ဆုတောင်းတာ ရှိတယ်။ သို့သော်လည်း အထိရောက်ဆုံးက ကိုယ်တိုင်သင်ယူခြင်းသာလျှင် ဖြစ်တယ်။ ပညာဆိုတာ အခုသင် အခုသိ အခုတတ်တာပဲလေ။ တတ်ပြီးသားပညာက ရှေ့ဆက်သွားဖို့ပဲရှိတယ်။ မေ့ချင်တော့ မေ့မယ်၊ သိပြီးသားပညာဟာ ပျောက်မသွားဘူး။
ပညာပါရမီနဲ့ ပတ်သက်ပြီး ရဟန်းတော်တွေဟာ ချီးမွမ်း ကြတယ်။ “မြတ်စွာဘုရားဟာ အရာရာမှာ အလွန်ထက်မြက် တာပဲ။ အလွန်ထက်မြက်တဲ့ ပညာရှိတယ်။ အလွန်ကို နက်နဲတဲ့ ပညာရှိတယ်။ အလွန်ကို ထိုးထွင်းပြီးသိနိုင်တဲ့ ပညာရှိတယ်။ ဘယ်ပုဂ္ဂိုလ်မျိုးကိုပဲဖြစ်ဖြစ် မှားယွင်းတဲ့ အယူအဆတွေကို ရှင်းလင်းဖော်ပြ နှိပ်ကွပ်ဆုံးမနိုင်တဲ့ စွမ်းရည်သတ္တိတွေရှိတယ်” ချီးမွမ်းစကား ပြောကြားနေကြတယ်။
ထိုအခါ မြတ်စွာဘုရားကြွလာပြီး မေးတယ်။ “ငါမလာခင် ဘာစကားတွေ ဆွေးနွေးနေကြသလဲ”။ ရဟန်းတွေက လျှောက် ကြတယ်။ “အရှင်ဘုရားရဲ့ ပညာပါရမီအကြောင်း တပည့်တော်များ ပြောဆို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်၊”
“ငါဟာ ဒီဘဝ သဗ္ဗညုတဉာဏ်ရလို့ ဘုရားဖြစ်မှ ပညာ ဟာ ထူးချွန်တာမဟုတ်ဘူး။ အခုလို ဗောဓိဉာဏ် မရင့်ကျက်ခင် ဘုရားအလောင်းဘဝကတည်းက ငါ့ရဲ့ ပညာအရည်အချင်းဟာ ထက်မြက်ခဲ့တယ်”။ မြတ်စွာဘုရားက ပြန်လည်ဟောပြောပြီး ဒီ ဥမင်္ဂဇာတ်ကို ဟောတာပဲဖြစ်တယ်။ ဒါက Introduction ပေါ့။ နိဒါန်းသွယ်တာ။
ဥမင်္ဂဇာတ်
အဲဒီတော့ ဇာတ်လမ်းကို စကြမယ်ဆိုရင် “လွန်ခဲ့တဲ့ အတိတ်တုန်းက ဝိဒေဟနိုင်ငံ၊ မိထိလာမြို့ဆိုတာ ရှိခဲ့တယ်၊ (ကနေ့ခေတ် မိထိလာမြို့ကတော့ အိန္ဒိယနိုင်ငံ အာဂရာသွားတဲ့ လမ်းမှာ တွေ့ခဲ့ဖူးတယ်။ ဒေလီနဲ့ ခပ်နီးနီးမှာ မိထိလာမြို့ဆိုတာ ရှိတယ်။ ကနေ့လည်း ဒီနာမည်နဲ့ပဲ၊ မန္တလေးနားက မိတ္ထီလာ ပြောတာ မဟုတ်ဘူးနော်။)တစ်ရာ့တစ်ပါးသော မင်းတွေဟာ အိန္ဒိယတိုက်ရဲ့ဒေသကို အုပ်စိုးကြတယ်၊ အသောကမင်းကြီးက အိန္ဒိယတိုက်တစ်ခြမ်း အုပ်စိုးခဲ့တယ်။ သူ့ဒေသနဲ့သူ တစ်ရာ့တစ်ပါးသောမင်းတွေ အုပ်စိုးခဲ့တာ ဖြစ်တယ်
ဝိဒေဟတိုင်း မိထိလာမြို့မှာ အဲဒီအချိန်က ဘုရင်အဖြစ် အုပ်စိုးသူက ဝိဒေဟမင်းဖြစ်တယ်။ စီးပွားရေး၊ ကြီးပွားရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်ပြီး ဘုရင်ကြီးကို အကြံပေးတဲ့ ပညာရှိ ပုဂ္ဂိုလ်လေးယောက် ရှိတယ်။ စာပေကျမ်းဂန်မှာတော့ အတ္ထဓမ္မာ နုသာသကာ လို့ ဖော်ပြတယ်။ အတ္ထဆိုတာ ဘုရင့် လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စ။ ဓမ္မဆိုတာတော့ လိုက်နာကျင့်သုံးရမယ့် ဥပဒေ။ ရာဇသတ္ထ၊ ရာဇနီတိ၊ ဓမ္မနီတိ စတဲ့ ရှေးခေတ်ကရှိတဲ့ ကျမ်းစာတွေအတိုင်း အကြံပေးကြတယ်။
ဒီကျမ်းစာတွေကို ကျေကျေပွန်ပွန် တတ်သိလိမ္မာတဲ့ ပညာရှိကြီးလေးယောက်က ဝိဒေဟမင်းကြီးကို အကြံပေးကြ တယ်၊ သူတို့ရဲ့အကူအညီနဲ့ နိုင်ငံကို ကြီးပွားတိုးတက်အောင် လုပ်ဆောင်ခဲ့တယ်။ အကြံပေး ပညာရှိလေးယောက်က သေနက၊ ပုက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ တို့ ဖြစ်ကြတယ်။
[ဒီဇာတ်ကို ငယ်ငယ်တုန်းက ဖခင် ဒါယကာကြီးက ညညမှာ ပြောပြတာ။ အဲဒီတုန်းက စိတ်ဝင်စားခဲ့တယ်။ သူပြောပြ တဲ့ထဲမှာ “သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပကုသ် မင်းမဟော် ခေါင်ကချုပ်” ဆိုတဲ့ အဆိုကို မှတ်မိနေတယ်။ သေနက ကို သိန်းအမတ်ကြီး၊ ဒေဝိန္ဒကို ဒေဝိန်း၊ ကာမိန္ဒကို ကာမိန်း၊ ပက္ကုသ ကို ပကုတ်အမတ်ကြီးလို့ ခေါ်တာ။ ဒါယကာကြီးက သူ့ကိုနင်းနှိပ် ပေးလို့ရှိရင် ပုံပြောပြတယ်။ အလကားတော့ မရဘူး၊ တက်နင်း ပေးရတယ်။ အဲဒီတုန်းကတည်းက ဒီဇာတ်လမ်းကို ကြားဘူး တာ
မိထိလာမြို့မှာ အရှေ့ပေါက်၊ တောင်ပေါက်၊ အနောက် ပေါက်၊ မြောက်ပေါက် တံခါးပေါက်ကြီး လေးပေါက်ရှိတယ်။ တံခါးပေါက်တွေအနီးမှာ ရွာကြီးလေးရွာ တည်ထားတယ်။ ရွာကြီးလေးရွာက နာမည်တူ ယဝမဇ္ဈက ဆိုတဲ့ရွာကြီးတွေပဲ၊ ယဝမဇ္ဈကဆိုတဲ့ ရွာကြီးလေးရွာဟာ မြို့တံခါးလေးပေါက်မှာ အကာကွယ်ပြု ထားတဲ့ သဘောမျိုး မြို့ပြင်ဘက်မှာ ရှိတယ်။ အရှေ့ကို ပါစိန လို့ခေါ်တော့ ပါစိနယဝမဇ္ဈက (ယဝမဇ္ဈက အရှေ့ရွာ)၊ ဒက္ခိဏယဝမဇ္ဈက (ယဝမဇ္ဈက တောင်ရွာ)၊ ပစ္ဆိမယဝမဇ္ဈက (ယဝမဇ္ဈကအနောက်ရွာ)၊ ဥတ္တရယဝမဇ္ဈက (ယဝမဇ္ဈကမြောက်ရွာ) လို့ နာမည်တူမှည့်ထားတဲ့ ရွာကြီး လေးရွာနဲ့ ခြံရံထားတဲ့မြို့ပေါ့။ လုံခြုံရေးအတွက် တည်ထားတာ ဖြစ်နိုင်တယ်။
ဘုရင့်အိပ်မက်
ဝိဒေဟဘုရင်ကြီးဟာ နံနက်မိုးသောက်ချိန်မှာ အိပ်မက် မက်တယ်။ မိုးသောက်ချိန်ဆိုတာ နံနက် ၅-နာရီကျော် ၆-နာရီ မထိုးခင်လောက်အချိန် ဖြစ်တယ်။ အဲဒီအချိန်မှာ အမှောင် လျော့သွားပြီး အဖြူရောင်တွေ ပေါ်လာတယ်။ လင်းလာတဲ့ သဘောပေါ့။ နေမထွက်ခင် အဖြူရောင်တွေ အရင်ရောက် လာတယ်။ အဲဒါကို မိုးသောက်လို့ ခေါ်တယ်။ မိုးသောက်ပန်း ဆိုတာ အဲဒီအချိန်လောက် ပွင့်တဲ့ပန်းတွေကို မိုးသောက်ပန်းလို့ ခေါ်တယ်။ ပါဠိလို ပစ္စုသ၊ မိုးသောက်ချိန်၊ အမှောင်တွေ လျော့ပြီးတော့ အဖြူရောင် ပေါ်လာတယ်။ လင်းလာတယ်။ အဲဒီအချိန်မှာ အိပ်ပျော်သွားပြီး အိပ်မက် မက်တယ်။
“နန်းတော်ရင်ပြင်မှာ မြို့ရိုးတံတိုင်းကြီးလောက်မြင့်တဲ့ မီးပုံကြီးလေးပုံကို မြင်ရတယ်။ မီးပုံကြီးလေးပုံရဲ့ အလယ်မှာ ပိုးစုန်းကြူးလောက်ရှိတဲ့ မီးပွားလေးတစ်ခု ပေါ်လာတယ်။ အဲဒီ မီးပွားလေးရဲ့ အလင်းရောင်က မီးပုံကြီးလေးပုံကို ဖြတ်ကျော်ပြီး ကောင်းကင်ထိအောင် မီးညွန့်တက်သွားတယ်။ သူ့ရဲ့ လင်းအား က ဘယ်လောက် ကောင်းတုန်း ဆိုလို့ရှိရင် မြေကြီးပေါ်ကျနေတဲ့ မုန်ညင်းစေ့အရွယ်ကအစ အကုန်လုံး မြင်နိုင်တယ်။
အဲဒီအချိန်မှာ လူတွေ နတ်တွေ မီးပုံလေးအနီး ရောက် လာကြပြီး မီးပုံလေးကို ပူဇော်ကြတယ်။ မီးရောင်တွေကြား အနားကပ်ပြီး သွားသော်လည်း အပူငွေ့ဆိုတာ လုံးဝမရှိဘူး။ လုံးဝပူတာ မခံစားရဘူးလို့ မြင်မက်တယ်။
မိုးသောက်ချိန်လေးမှာ မက်လိုက်တဲ့ အိပ်မက်ပဲ။ အဲဒီ အိပ်မက်လည်း မက်ပြီးရော ဘုရင်ကြီးက ဖြတ်ခနဲ နိုးလာတယ်။ ဘာများဖြစ်လာမှာလဲဆိုပြီး ကြောက်စိတ်နဲ့ ထထိုင်နေလိုက်တယ်၊ ထထိုင်ရင်းပဲ အရုဏ်တက် သွားတယ်။ မိုးသောက်ချိန်က အရုဏ် တက်ချိန် မဟုတ်သေးဘူး။ အရုဏ်- အရုဏ ဆိုတာ အရှေ့ လောကဓာတ်က နေရဲ့အညွန့် အနီရောင်ကို အရုဏ်လို့ ခေါ်တယ်။
[အခု မြန်မာပြည်မှာ အရုဏ်တက်တာတွေက စောလွန်း နေတယ်။ အရုဏ် ၊ အရုဏ်တက်တာ စောလွန်းနေရင် ဝိကာလဘောဇနလွတ်ချင်မှ လွတ်လိမ့်မယ်။ အရုဏ်တက်တာ စောနေလို့ မတက်မီ စားမိရင် ပင်လယ်ကြီး ဖြတ်ကူးလာပြီး ကမ်းရောက်မှ ရေနစ်သလို ဖြစ်နေတယ်။ တစ်ညလုံး အငတ်ခံလာပြီးတော့ မနက်အစောကြီး စားလိုက်တော့ သီလကျိုးသွားတယ်။ အဲဒါကို သတိထားရမယ်။ အရှေ့လောကဓာတ်က အနီရောင်လေးသမ်းလာမှ အရုဏ်တက် တယ်။
အရုဏ်တက်ချိန်မှာ ဘုရင်မင်းကြီးထံ ပညာရှိအမတ်ကြီး တွေက အခစားဝင်လာကြရတယ်။ ဒါ ထုံးစံပေါ့။ အခစား ဝင်လာပြီး “ညက အိပ်စက်လို့ကောင်းပါရဲ့လား” ဆိုတာ မေးကြ ရတာ။ Good Morning လုပ်ဖို့ လာကြတာနေမှာပေါ့။ “အရှင် မင်းကြီး ညက ချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား” “ဘယ် အိပ်စက်ရမှာလဲကွာ၊ ငါ့မှာ မနက်က အိပ်မက်ဆိုး မက်တယ်။ ဘာများဖြစ်မတုန်းဆိုတဲ့ စိုးရိမ်စိတ်နဲ့ ငါထိုင်နေတယ်” သူ့အိပ်မက် အကြောင်းကို ဘုရင်ကြီးက ပြောပြတယ်။
သေနက ပညာရှိ အမတ်ကြီးက “အရှင်မင်းကြီး၊ ဒါ တကယ့် မင်္ဂလာအိပ်မက်ပါ။ ဒါ အိပ်မက်ကောင်းပဲ” တဲ့။ မီးပုံကြီးလေးပုံဆိုတာ တခြားမဟုတ်ဘူး။ ကျွန်ုပ်တို့ Advisor လေးယောက်ရဲ့ သင်္ကေတပဲ ဖြစ်တယ်။ ပိုးစုန်းကြူးလောက် မီးပွားလေးဆိုတာ နောက်ထပ် ပညာရှိတစ်ယောက် ပေါ်လာဦး မှာ။ အရှင်မင်းကြီးရဲ့ နိုင်ငံမှာ ပညာရှိ ငယ်ငယ်လေး ပေါ်လာလိမ့် ဦးမယ်။ အဲဒီငယ်ငယ်လေးက ကျွန်ုပ်တို့ကို လွှမ်းမိုးသွားအောင် အကောင်းအဆိုး အကြောင်းအကျိုးတွေကို သွန်သင်ဆုံးမနိုင်တဲ့ တကယ့်ထိပ်တန်း ပညာရှိပုဂ္ဂိုလ်လေး ဖြစ်မယ်၊ ကျွန်ုပ်တို့ကို လွှမ်းမိုးသွားမယ့် ပညာရှိပေါ်လာမယ့်နိမိတ် ဖြစ်ပါတယ်။”
သေနကအမတ်ကြီးက ဗေဒင်ကိန်းခမ်းနဲ့ တွက်ကြည့် လိုက်ပြီး အတပ်ဟောလိုက်တယ်။ “ဧကန်ဒိဋ္ဌ ဒီကနေ့မနက် အဲဒီပညာရှိလောင်း သန္ဓေစတည်တာရင်လည်း ဖြစ်မယ်။ မွေးတာရင်လည်း ဖြစ်မယ်။” ဘုရင်ကြီးက သေနကအမတ်ကြီး ပြောတဲ့စကား ကြားရတဲ့အခါ စိတ်အေးသွားတယ်။
မဟောသဓပညာရှိနှင့် သူ၏ ပညာစွမ်းအား” အပိုင်း (၁) မှ ကောက်နှုတ်ချက်