လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော် ဘုရား ချီးမြှင့်သည့် အာရုံကို အနိုင်ယူသည့်စိတ်” ဓမ္မဒါနစာအုပ် အား အရှင် ပညာနန္ဒ (ဆရာမြသန်းစံ) ပြန်လည်နာယူ ၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အတွက် ဝိပဿနာတရားအားထုတ်ရာတွင် အကျိုး ရှိလှသည့် အတွက် ရေးသားမျှဝေထားသည်များ
ပါမောက္ခချုပ်ဆရာတော် ဘုရား ချီးမြှင့်သည့် အာရုံကို အနိုင်ယူသည့်စိတ်” ဓမ္မဒါနစာအုပ် အား အရှင် ပညာနန္ဒ (ဆရာမြသန်းစံ) ပြန်လည်နာယူ ၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အတွက် ဝိပဿနာတရားအားထုတ်ရာတွင် အကျိုး ရှိလှသည့် အတွက် ရေးသားမျှဝေထားသည်ကို ဖေါ်ပြအပ်ပါသည်။
🔷🔷🔷🔷🔷🔷🔷
ပြီးခဲ့တဲ့တစ်ပါတ်က ပြင်ဦးလွင်ရောက်ခဲ့တုန်းက
ပါမောက္ခချုပ်ဆရာတော်ကြီးကို ဝင်ဖူးဖြစ်တဲ့အခါ ဆရာတော်ကြီးက “အာရုံကို အနိုင်ယူသည့်စိတ်” ဓမ္မဒါနစာအုပ်ကလေး ချီးမြှင့်ခဲ့ပါတယ်။
သည်တရားကို မကြာခဏလည်း နာဖူး ဖတ်ဖူးခဲ့ပြီးပါပြီ။
ဒါပေမယ့် ဆရာတော်ကြီးကိုယ်တိုင်ချီးမြှင့်ပေးခဲ့တာမို့ နာဖူးထပ်မံအနေနဲ့ အေးအေးဆေးဆေး ပြန်ဖတ်ဖြစ်ပါတယ်။
ဆရာတော်ကြီးဟောကြားပုံက ရိုးရိုရှင်းရှင်းလေးနဲ့ လူတိုင်းကိုနားလည်လွယ်စေပါတယ်။
အဆန်းတကြယ်တွေမပါဘူး။
အပိုစာသားတွေမပါဘူး။
တရားကိုတရားနဲ့တူအောင် ဒေသနာစဥ်အတိုင်း
စနစ်တကျ ဟောထားတာတွေ့ရတော့ ဟောပြောရင်းနဲ့ပဲ ဟောပုံဟောနည်းကို သင်ပေးနေသလိုပဲလို့ သင်ယူခံစားမိပါတယ်။
သည်တရားတော်ထဲက အဆုံးသတ်ပိုင်းလေးတွေဟာ တရားအားထုတ်နေတဲ့ ယောဂီတွေအတွက် အကျိုးများနိုင်တာမို့ ထပ်ဆင့်ဖော်ပြ ဓမ္မဒါနပြုလိုက်ရပါတယ်။
တရားတွေ့၍ ချမ်းမြေ့ကြပါစေ….။
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
အာရုံကို အနိုင်ယူသည့်စိတ်
●●●●●●●●●●●●●●●●●●
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ဟာ ကိုယ့်သီလကို ပြန်တွေးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ် ထဲမှာ ကျေနပ်လာတယ်။
ကျေနပ်တာကို အဝိပ္ပဋိသာရ နှလုံးကြည်သာတယ်လို့ ခေါ်တယ်၊ စိတ်မကောင်း မဖြစ်ဘူး၊ အကောင်းဖြစ်လာတယ်နော်၊ ငါမဟုတ်တာ မလုပ်ဘူးဆိုတာ စိတ်က ကြည်လင်လာတယ်။
စိတ်ကြည်လင်တော့ ဝမ်းမြောက်ခြင်းဆိုတဲ့
ပါမောဇ္ဇ ဖြစ်တယ်၊
ဝမ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇ ဖြစ်တော့ ပီတိဆိုတဲ့ နှစ်ခြိုက်ခြင်း ဖြစ်တယ်၊
ပီတိဆိုတဲ့နှစ်ခြိုက်ခြင်းဖြစ်တော့ စိတ်ထဲမှာ အေးချမ်းမှုဆိုတဲ့ ပဿဒ္ဓိ ဖြစ်တယ်၊
အေးချမ်းမှုဆိုတဲ့ ပဿဒ္ဓိဖြစ်ရင် သုခ ဆိုတဲ့
စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုဖြစ်တယ်၊
သုခ ဆိုတဲ့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုဖြစ်ရင် သမာဓိစိတ်တည်ငြိမ်မှုဖြစ်လာတယ်၊
ဒါ သီလက အကျိုးပြုတာနော်၊ ဆင့်ကဲဆင့်ကဲ အကျိုးပြုသွားတယ်။
သီလရှိရင် အဝိပ္ပဋိသာရ စိတ်နှလုံးကြည်နူးတယ်၊
ကြည်နူးရင် ဝမ်းမြောက်တယ်၊
ဝမ်းမြောက်ရင် ပီတိဖြစ်တယ်၊
ပီတိဖြစ်ရင် ကိုယ်စိတ်ငြိမ်းချမ်းတယ်၊
ကိုယ် စိတ်ငြိမ်းချမ်းရင် သုခ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်တယ်၊
စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ရင်
စိတ် တည်ငြိမ်တယ်၊
ဒါ ဘယ်အရာက စွမ်းဆောင်ပေးတာတုန်းဆို သီလက စွမ်းဆောင်ပေးတာ။
ဟုတ်ပြီ၊ မဂ္ဂင်ရှစ်ပါးထဲမှာ သီလကို စောင့်တည် လိုက်တာနဲ့ တစ်ပြိုင်နက် ဒီလိုအခြေအနေမျိုးတွေပေးလိုက်တော့ သမာဓိဆိုတာ ဖြစ်လာတယ်၊ အဲဒီ သမာဓိဖြစ်ဖို့ရာအတွက် အခြေအနေကောင်းတွေ ရလာမယ်။
ဟုတ်ပြီ၊ သီလပေါ်မှာ အခြေခံပြီးတော့ အာရုံ လေးတစ်ခုအပေါ် စိတ်ကို စုစည်းလိုက်၊
ကိုယ့် နှာခေါင်းက နေ့စဉ်နဲ့အမျှ ၂၄-နာရီ ရှူသွင်း ရှူထုတ် လုပ်နေတဲ့ အသက်ရှူမှုလေးကိုပဲ ကမ္မဋ္ဌာန်းအာရုံအဖြစ် အသုံးချပြီး ဝင်လေထွက်လေလေးကို အသုံးချမယ်ပေါ့၊ အသုံးမချရင်လည်း သူက တစ်နေကုန်ရှူနေတာပဲလေ၊ အလကားဖြစ်သွားမှာပဲ။
တစ်နေကုန် ရှူနေတဲ့လေဟာ တန်ဖိုးမရှိဘူးဆိုရင်၊ အသုံးမချတတ်လို့ရှိရင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးနော်၊ အသုံးချတတ်မယ်ဆိုရင် နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်တဲ့ အသုံးဝင်သွား မယ်။
အဲတော့ ကိုယ်ရှူသွင်းနေတဲ့လေ၊ ရှူထုတ်နေတဲ့ လေကလေး နှာသီးဖျားမှာထိတဲ့ နေရာလေးကို အာရုံ စိုက်လိုက်၊
အဲလို အာရုံစိုက်ဖို့ ကြိုးစားတာကသမ္မာဝါယာမ၊ သတိထားနေတာက သမ္မာသတိ၊
စိတ် ကလေး ဒီအပေါ်မှာ တည်ငြိမ်သွားတာက သမ္မာသမာဓိလို့ခေါ်တယ်။ ဩော်-ဒီမဂ္ဂင်သုံးခုက စပြီး အလုပ်လုပ် တယ်။
အလုပ်လုပ်လိုက်တာ တစ်ပြိုင်နက် ဘာဖြစ်လာ တယ်၊ လေရဲ့ သဘာဝကို ဆင်ခြင်စဉ်းစား၊
ထိတိုင်း ထိတိုင်းပေါ်မှာ အတွေးလေးတွေ ဖြစ်လာတယ်၊ သမ္မာသင်္ကပ္ပ၊
သဘာဝတရားတွေ မှန်မှန်ကန်ကန် နားလည်လာတယ်၊ သမ္မာဒိဋ္ဌိ။
သီလမဂ္ဂင်သုံးခုကို အခြေခံပြီးတော့ ထွက်လေ ဝင်လေတွေပေါ်မှာ အာရုံစိုက်လိုက်တာနဲ့ ကြည့်-မဂ္ဂင်ရှစ်ပါးလုံး ပြည့်မသွားဘူးလား၊ မဂ္ဂင်ရှစ်ပါး ကိုယ့် သန္တာန်မှာ ထူထောင်နေတာ ဖြစ်တယ်။
ကဲ-သိလာတယ်ဆိုတာ ဘယ်အတိုင်းအတာထိသိတုန်းဆို ပထမတော့ လေလေး ထိသွားတဲ့နေရာလေး အာရုံစိုက်မိရုံလေးပဲရှိမယ်၊
နောက်ကျတော့ ဘာ ဖြစ်လာတုန်းဆို ထိရင်ထိမှန်း သိလိုက်တယ်၊ လေလေး က တစ်ခု၊ ထိတဲ့နေရာလေးက တစ်ခု၊ လေလေးက လည်း အသိစိတ်မရှိဘူး၊ ထိတဲ့နေရာလေးကလည်း အသိစိတ်မရှိဘူး၊
အဲဒီနှစ်ခုပေါင်းစပ်ခါမှ ထိမှန်းသိတဲ့ စိတ်ကလေးပေါ်လာတာလို့ ဩော်-ရုပ်နဲ့နာမ်နဲ့ နှစ်ခု ကွဲသွားတာ၊
လေလေးက ရုပ်တရား၊ လေထိတဲ့နေရာလေးက ရုပ်တရား၊ အဲဒီနှစ်ခုပေါင်းစပ်လို့ ဆုံသွားတဲ့ နေရာလေးက ဩော်- သိလာတာလေးက
ထိသိစိတ်၊ နာမ်တရား။
ကာယပဿာဒ နဲ့ ဖောဋ္ဌဗ္ဗအာရုံ၊
စာလိုပြောလို့ရှိရင် ဒီနှစ်ခုဆုံမိတဲ့အခါ ထိသိစိတ်လေး ပေါ်လာတယ်၊
ဒါက ထွက်လေဝင်လေလေးကို ရှူလိုက်တာနဲ့ တစ်ပြိုင်နက် ကြိုးစားတာက သမ္မာဝါယာမနော်၊
အာရုံ စိုက်ထားတာက သမ္မာသတိ၊
စိတ်ကလေး တည်ငြိမ်မှုရထားတာက သမ္မာသမာဓိ၊
အဲဒီပေါ်မှာ ကြံတွေး နေတာက သမ္မာသင်္ကပ္ပ၊ အမှန်ကို သိလိုက်တာက သမ္မာဒိဋ္ဌိ။
မဂ္ဂင်ရှစ်ပါး အလုပ်လုပ်ပုံ အစ ပဌမတော့ နုနယ် နေဦးမှာပဲ။
တစ်ဖြေးဖြေး ရင့်ကျက်လာတဲ့အခါကျလို့ ရှိရင် ဘာတွေထိတောင် သိလာတုန်းဆို ထိသိစိတ် လေးဟာ မထိခင်မှာကြိုသိလာတာမဟုတ်ဘူး၊
ထိလိုက်တဲ့အချိန်လေးမှာ သိလိုက်တာ၊
သိလိုက်ပြီးတော့လည်း ပျောက်သွားတာပါလား၊ မမြဲတဲ့သဘောတွေ မြင်လာတယ်။
ဒါကတော့ တစ်သက်လုံး ဒီအတိုင်း ရှိနေတယ်လို့ထင်တာ မဟုတ်ဘူး၊ သဘာဝတရားတွေဟာ ပေါ်လာပြီးတဲ့နောက် ဒီအတိုင်းရှိနေတာ မဟုတ်ဘူး၊ ပျောက်ပျောက်သွားတာလားလို့ သိလာတယ်။
ဒီလို မြင်လို့ရှိရင် ဝိပဿနာလမ်းကြောင်းပေါ် တက်သွားတာပဲ၊
အဲဒီကနေဆက်စပ်ပြီးတော့ ကိုယ့်သန္တာန်ရှိသမျှတရားတွေအကုန်လုံး ဆက်စပ်ပြီး မြင်လာတဲ့အခါမှာ သင်္ခါရတရားတွေ၊ အာရုံတွေအပေါ်မှာ စိတ်ဟာ ငြီးငွေ့လာတယ်၊ သာယာစရာဆို မတွေ့တော့ဘူး။
ငြီးငွေ့တယ်ဆိုတာ ကျေနပ်စရာ ရှာမတွေ့တော့ တာ၊ နှစ်ခြိုက်စရာ ရှာမတွေ့တော့တာ၊ သိမ်းထားစရာ, မက်မောစရာ တစ်ခုမှမရှိဘူးလို့သိလာတယ်၊
နောက်ဆုံး ရင့်ကျက်သွားပြီဆိုတဲ့အခါ စိတ်ဟာ
ဒီခန္ဓာကိုယ်မှာ တွယ်တာမှုဆိုတဲ့ တဏှာတွေ ဖယ်ရှားနိုင်တဲ့ အနေ အထားထိအောင် ရောက်သွားတယ်။
အဲလိုနည်းနဲ့ လုပ်မှ အစေးထွက်တဲ့ သစ်ပင်ကြီး အစေးခမ်းသွားအောင် လုပ်သလိုပဲ ဘယ်အာရုံနဲ့ပဲ လာလာ လာသမျှအာရုံကြောင့် တုန်လှုပ်မှု မရှိတော့ဘူး။
အာရုံကို အရှုံးမပေးတဲ့စိတ်ဆိုတာ အဲဒီစိတ်မျိုးပဲ၊ အဲဒီစိတ်မျိုးဟာ ရဟန္တာရဲ့စိတ်ပဲဖြစ်တယ်၊ ပုထုဇဉ်တွေရဲ့ စိတ်က ဘယ်အာရုံလာလာ ယိမ်းယိုင်သွားတာပဲ၊ သို့သော် လေ့ကျင့်ယူရင်ရတယ်။
ဒါကြောင့်-
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ လို့ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းဆိုသည်မှာ တရားဓမ္မကို ကျင့်ကြံကြိုးစား အားထုတ်မှသာလျှင် အကျိုးအပြည့်အဝရမှာဖြစ်တယ်”
အာရုံကို အရှုံး မပေးတဲ့ စိတ်ဓာတ်မျိုးရအောင်
တို့တတွေ ကျင့်ကြံ ကျိုးကုတ် အားထုတ်ကြရမှာဖြစ်တယ်။
ပျော့ညံ့တဲ့စိတ်တွေ ရှိနေလို့ရှိရင် သောက ဖြစ်ရ မယ်၊ စိုးရိမ်ရမယ်၊ ငိုကြွေးရမယ်၊ ကိုယ်ဆင်းရဲမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရမယ်၊ စိတ်ပင်ပန်းမှုတွေ ကြုံရမယ်။
အဲဒီလို ကြံ့ခိုင်မှုမရှိတဲ့အနေအထားကနေ ကြံ့ခိုင်မှု ရှိတဲ့ အနေအထားထိအောင် လေ့ကျင့်ပြီးတော့ ပွားများ အားထုတ်ရမှာဖြစ်တယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့အတိုင်း အာရုံကို အရှုံးမပေးတဲ့စိတ်ဓာတ်မျိုး ရရှိသည်ထိအောင် လေ့ကျင့်အားထုတ်ရမှာ ဖြစ်တယ် လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသည့် အာရုံကို အနိုင်ယူသည့်စိတ် တရားတော်မှကောက်နှုတ်ချက်