လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရား မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက်တော်မူပြီးငလျင်ကြီးဘေးကြောင့် ထိခိုက်ခဲ့သည့်စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက် ပြုပြင်နိုင်ရန် ဩဝါဒ ပေးခြင်း
ပါမောက္ခချုပ်ဆရာတော်ဘုရား မန္တလေး မြို့ရှိ ၁၉၁၆ ခုနှစ် က ဆောက်လုပ်ထားရှိခဲ့ပြီး ရွှေကျင်ဂိုဏ်းကြီး၏ဗဟိုဌာန ဖြစ်တော်မူခဲ့သည့် မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက်တော်မူပြီးငလျင်ကြီးဘေးကြောင့် ထိခိုက်ခဲ့သည့်
စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက် ပြုပြင်နိုင်ရန် ဩဝါဒ ပေးခြင်း၊
အောင်မြေသာစည်အလယ်တိုက်ကြီး ပြုပြင်ရန်အတွက်နဝကမ္မများလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည့်မှတ်တမ်းဓာတ်ပုံများကိုဖေါ်ပြအပ်ပါသည်။
စံကျောင်းပိဋကတ်တိုက်ကြီးသည် ရွှေကျင်ဂိုဏ်းကြီး၏ဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်၏ကျက်သရေဆောင် တစ်ခုဖြစ်၍ ပထမမဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ အထိမ်းအမှတ်ဖြစ်သည့် အပြင်
စံကျောင်း ပိဋကတ်တိုက်ကြီးကို မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး ဘဝခရီးအပြီးသတ်တော်မူပြီး တစ်လနှင့် (၆)ရက်အကြာဖြစ်သော ၁၂၇၈-ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ (၁၉၁၆-ခု၊ သြဂုတ်လ-၁၁ ရက်)၊ သောကြာနေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
🔷🔷🔷🔷🔷🔷
မှတ်တမ်း အပြည့်အစုံမှာ…
🔸ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၊
🔸ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊
🔸အဝေရာရာမရန်ကင်းဆရာတော်ကြီးများ
မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက် တော်မူကြသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက မဟာဝိသုဒ္ဓါရုံတိုက်သစ်အတွင်းငလျင်ကြီးဘေးကြောင့် ထိခိုက်ခဲ့သည့် စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက် ပြုပြင်ရန် သြဝါဒပေးတော်မူသည်။
အင်ဂျင်နီယာများက ပြုပြင်ရေးအတွက် ရှင်းလင်းတင်ပြလျှောက်ထားကြသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက
🔸ကြွရောက်လာသည့်ဆရာတော်များနှင့်
မဟာဝိသုဒ္ဓါရုံတိုက်သစ်နာယက
ဆရာတော်တို့အား သင်္ကန်းနှင့်နဝကမ္မ
အလှူငွေ (၁)သိန်းကျပ်စီကို လှူဒါန်း၍
🔸အောင်မြေသာစည်အလယ်တိုက်ကြီး
ပြုပြင်ရန်အတွက် နဝကမ္မအလှူငွေ
ကျပ်သိန်း (၁၀၀)ကိုလည်း လှူဒါန်းသည်။
နှစ်ပေါင်းရာကျော်
🔸စံကျောင်းပိဋကတ်တိုက်🔸
================
ရွှေကျင်ဂိုဏ်းကြီး၏ဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်၏ကျက်သရေဆောင် တစ်ခုဖြစ်၍ ပထမမဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ အထိမ်းအမှတ်ဖြစ်သော စံကျောင်း ပိဋကတ်တိုက်ကြီးကို မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး ဘဝခရီးအပြီးသတ်တော်မူပြီး တစ်လနှင့် (၆)ရက်အကြာဖြစ်သော ၁၂၇၈-ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ (၁၉၁၆-ခု၊ သြဂုတ်လ-၁၁ ရက်)၊ သောကြာနေ့တွင် စတင်တည်ဆောက်ခဲ့သည်။
တည်ဆောက်ရခြင်းရည်ရွယ်ချက်မှာ−
၁။ ပထမမဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏
ရုပ်ကလာပ်အလောင်းတော် တင်ထား
ပူဇော်ရန် စံကျောင်းတော်သရီရဃရအဖြစ်၊
၂။ ပထမမဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏
ရုပ်တုတော်နှင့်ပရိဘောဂများကို ပူဇော်
ထားရန် ပရိဘောဂဌာနစေတိယဃရအဖြစ်၊
၃။ ပိဋကတ်ကျမ်းစာများထားရန်
ဓမ္မဘဏ္ဍာဂါရပိဋကာလယအဖြစ်၊
၄။ ရွှေကျင်ဂိုဏ်းသံဃာတို့၏စည်းဝေးရာ
ဓမ္မာရာမဥပဋ္ဌာနသာလာအဖြစ် –
လေးဌာနအကျိုးပြီးစေရန်ဖြစ်သည်။
စံကျောင်းပိဋကတ်တိုက်ကြီးကို ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများ သီတင်း သုံးရာဌာနဖြစ်သော ထေရာသနတိုက်ကျောင်းတော်ကြီး၏တောင်ဘက်တွင် ဆောက် လုပ်ထားသည်။
အရှေ့အနောက်(၄)ခန်းတောင်မြောက်(၅)ခန်း နှစ်ထပ်အုတ်တိုက် ကြီးဖြစ်သည်။အနောက်ဘက်မျက်နှာသာပြု၍စမုတ်ဆောင် ထုတ်ထားသည်။
အောက် ထပ်မှ အထက်သို့တက်ရန် လှပခိုင်ခန့်သော သစ်သားကြောင်လိမ်လှေကားကြီး တပ်ဆင်ထားသည်။
ဤစံကျောင်းပိဋကတ်တိုက်ကြီးကို ဆရာတော်ဘုရားကြီးဈာပနကိစ္စနှင့်စပ်၍ ပြာသာဒ်တလားစသည် မီးစာများမပြုလုပ်တော့ဘဲ အရှည်အကျိုးကျေးဇူးများစေရန်အများစုပေါင်းလှူဒါန်းဆောက်ထားခြင်းဖြစ်သည်။
ကောင်းမှုရှင်များတွင် သီရိလင်္ကာ နိုင်ငံ၊ ကောလမြိုမြို့၊ ဝိသုဒ္ဓါရုံတိုက်ဘုန်းကြီးဥုးသီရိဓမ္မ၏ဒါယကာအသင်းသားများက ၁၅ဝိ−တန်ဖိုးလှူကြောင်း မှတ်တမ်းအရသိရသည်။
အပေါ်ထပ် ရွှေချပူဇော်ထားသည်မှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ စံကင်းရွာ၊ ကျောက်တိုင်ရွာတို့မှ တပည့်ဒကာဒကာမ များ၏ကောင်းမှုဖြစ်ကြောင်း သိရ၏။
🔸ကြောင်လိမ်လှေကားကုန်ငွေ
၁၁ဝ၈ိ-၁၂ ပဲ၊
🔸အထက်ထပ်ရွှေချကုန်ငွေ
၅၆၈ိ-၁၆ ပဲ ၊ အပါအဝင်
🔸စုစုပေါင်းကုန်ကျငွေမှာ
၁၄၁၅၉ိ− ၈ ပဲ- ၉ ပြား ဖြစ်ကြောင်း
မှတ်တမ်းတွေ့ရသည်။
{မတ္တရာသူဌေးဆရာတော်ကြီး ရေးသားသည့်
” ဝိသုဒ္ဓါရုံတိုက်သစ်သမိုင်း “စာအုပ်မှ }
ရိုသေစွာဖြင့်-ဥုးဘာသုရ(မတ္တရာသူဌေးကျောင်း)
၁၃၈၇-ခုနှစ်၊ဝါဆိုလဆန်း ၁-ရက်
( 25 – 6 – 2025 )







