ဆောင်းပါးများ
ပါမောက္ခချုပ်ဆရာတော် ဘုရား ဟောကြားထားရှိသည့် စိတ်၌ဖြစ်ပွါး အဆိုးတရားတို့၏ လှည့်စားမှုများ တရားဒေသနာ အပိုင်း (၁) မှ (၆) အထိပါဝင်သည့် စာအုပ် အမှတ်စဉ် (၁၉၃) အဖြစ် စာအုပ်ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော် ဘုရား ဟောကြားထားရှိသည့် စိတ်၌ဖြစ်ပွါး အဆိုးတရားတို့၏ လှည့်စားမှုများ တရားဒေသနာ အပိုင်း (၁) မှ (၆) အထိပါဝင်သည့် စာအုပ် အမှတ်စဉ် (၁၉၃) အဖြစ် စာအုပ်ထွက်ရှိသည်။
ဆရာတော်ဘုရား ကိုယ်တော်တိုင် အချိန်ယူ ဖတ်ရှူ တည်းဖြတ် ပေးထားသည့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် သာမက လူပုဂ္ဂိုလ် အားလုံးတို့ အတွက် အကျိုးရှိလှသည့် တရားဒေသနာများလည်းဖြစ်သည်။
ယခုစာအုပ်တွင် လူပုဂ္ဂိုလ် တို့ ၏ သန္တာန် ၌ ဖြစ်ပေါ်တတ်သည့် အစစ်နဲ့အတု အမှန်နှင့်အမှား ဒီ (၂)ခုကြားမှာ ရောထွေးသွားအောင် ပုံဆောင် ပေးတတ်တဲ့ လှည့်စားခြင်း (၃၆) မျိုး တို့ပါဝင်ပြီး စာမျက်နှာ (၁၀၈) မျက််နှာ ပါရှိသည်။
🔹🔹🔹🔹🔹🔹
ဆရာတော်ဘုရား ဟောကြား ထားသည်မှာ
ပါဠိစာပေမှာ လှည့်စားခြင်းကို “၀ဉ္စနာ” လို့ခေါ်တယ်။ အစစ်နဲ့အတု၊ အမှန်နဲ့အမှား ဒီ ၂-ခုကြားမှာ ရောထွေးသွား အောင် ပုံဆောင်ခြင်းကို လှည့်စားခြင်းလို့ မြန်မာစကားမှာ သုံးတယ်။ ပစ္စည်းနဲ့ပတ်သက်ရင် အတုနဲ့အစစ်လို့ ဆိုတယ်။ အစစ်နဲ့တူအောင် ဆင်တူရိုးမှား အတုလုပ်ကြတယ်။ အတုလုပ်ပြီး လှည့်စားတဲ့အခါ ရတဲ့ပုဂ္ဂိုလ်ဟာ အစစ်မရဘဲ အတုရသွားတယ်။ အစစ်နဲ့အတုဟာ ပုံတူသော်လည်း တန်ဘိုးအားဖြင့် ကွာခြားတယ်။ သဘာဝတရားမှာလည်း အစစ်နဲ့အတု ရောထွေးလောက် အောင် တူတဲ့အရာတွေ ရှိတယ်။ အတုက အစစ် ပုံဆောင်ပြီး လှည့်စားတတ်တယ်။
ဝဉ္စနာဒီပနီ
မန္တလေးတောင် မြောက်ဘက်မှာ ရွှေကျင်တိုက်ကြီး (၅)တိုက် တည်ထောင်ပြီး မင်းတုန်းမင်းကြီးက ကိုးကွယ်ခဲ့တဲ့ ရွှေကျင်ဆရာတော်ကြီးဆိုတာ ထင်ရှားရှိခဲ့တယ်။ ရွှေကျင်ဆရာ တော်ဘုရားကြီး ရေးသားခဲ့တဲ့ ဝဉ္စနာဒီပနီ အမည်ရှိ ကျမ်း တစ်စောင်ရှိတယ်။ နေတ္တိအဋ္ဌကထာကို မှီငြမ်းပြီး လှည့်စားမှုတွေ ကို ရှင်းလင်းရေးသားခဲ့တယ်။
ရွှေကျင်ဆရာတော်ဘုရားကြီးကို ပူဇော်သောအားဖြင့် ဆရာတော်ကြီးရေးသားခဲ့တဲ့ ဝဉ္စနာဒီပနီ ကို မှီငြမ်း၍ လည်း ကောင်း၊ မူရင်းကျမ်းဖြစ်တဲ့ နေတ္တိအဋ္ဌကထာမှ ထုတ်နုတ်၍ လည်းကောင်း “စိတ်၌ဖြစ်ပွါး အဆိုးတရားတို့၏ လှည့်စားမှုများ” တရားတော်ကို ဒီကနေ့မှစပြီး ဟောကြားမှာဖြစ်ပါတယ် ဟုရေးသားပါရှိသည်။
(ဓမ္မသဘင်အဖွဲ့)