လှုပ်ရှားမှု ပုံရိပ်များ
အကယ်၍ ‘ကရုဏာ’ မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ် “ပါမောက္ခချုပ်ဆရာတော်”
လက်တွေ့အားဖြင့် စဉ်းစားကြည့်ပေါ့။
‘ဣဿရ” လို့ဆိုတဲ့ ထာဝရဘုရား သခင် (သို့မဟုတ်) God ဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက လူတွေကို ဖန်ဆင်းတယ်၊ ကမ္ဘာကြီးကိုဖန်ဆင်းတယ်လို့ယုံကြည်ပြီး အဲ့ဒီ God ဆိုတဲ့ ဣဿရ ဗြဟ္မာကြီးကို လူတွေဟာ ကိုးကွယ် ဆည်းကပ်နေကြတယ်။
ဒီလိုလုပ်ရင်ဖြင့် သူက ကျေနပ်ကောင်းရဲ့လို့ ရည်ရွယ်ချက်နဲ့ လူတွေက ဒီလိုကိုးကွယ် နေကြတယ်။
လူတွေ မှာ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းပါးလို့ မစဉ်းစားနိုင်ကြဘူးပေါ့။
ထာဝရဘုရားသခင်က ဖန်ဆင်းတယ်ဆိုလို့ရှိရင် ချမ်းသာပြီး ရုပ်အဆင်း လှတဲ့သူတွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ ဆင်းရဲပြီးဒုက္ခရောက်တဲ့ပုဂ္ဂိုလ် တွေကို ဖန်ဆင်းတာလဲ။
နောက်တစ်ခါ သူ့ကိုအကျိုးပြုမယ့် ပုဂ္ဂိုလ်တွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့သူတွေကို ဖန်ဆင်း တာလဲ။
အားလုံးဟာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုကိုခံရတဲ့သူတွေချည့်ဆိုရင် ရုပ်အဆင်း တူညီသင့်တာပေါ့။ အဲ့လို မတူညီဘဲနှင့် ဆင်းရဲတဲ့ သူက ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာ၊ ရုပ်ဆိုးတဲ့သူကဆိုး၊ ရုပ်လှတဲ့သူကလှ၊ ဒုက္ခရောက်တဲ့သူကရောက်၊ အမျိုးမျိုးအဖုံဖုံဖြစ်နေကြတာ ဘုရားသခင်ဖန်ဆင်းလို့တော့မဟုတ်ဘူး။ အကြောင်း တစ်ခု ရှိနိုင်သေးတယ်လို့ စဉ်းစားပြီးကြည့်ရမယ်။
အခုလို ဆူကြုံနိမ့်မြင့် မတူညီမှုတွေနဲ့ ဘဝကို ရောက်ရှိလာကြတာ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ်ကြည့်။
မြတ်စွာဘုရား ပွင့်လာတဲ့အခါ မြတ်စွာဘုရားက သူကိုယ်တိုင် တရားဓမ္မကို ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး ကမ္ဘာလောကကြီးကို သမာဓိစွမ်းအား၊ ပညာ စွမ်းအားဖြင့် စုစည်းပြီးကြည့်တယ်။ ကမ္ဘာကြီးတစ်ခုလုံးစုစည်းပြီး ဒိဗ္ဗစက္ခုအဘိဉာဏ် နဲ့ ကြည့်တာ။
အဲ့ဒီ ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ လူတွေရဲ့ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားမှု တွေရဲ့ နောက်ခံအကြောင်းကိုရှာတယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ မကောင်း တာ ခံစားရတာကို တွေ့ရတယ်။ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေ ကောင်းကျိုး ချမ်းသာ ခံစားရတာကိုတွေ့ရတယ်။
ကိုယ်တိုင်တွေ့ရှိပြီး သိမြင်တဲ့အခါမှာ မြတ်စွာ ဘုရားက “ကံတရား” ကိုဟောတယ်။
ဘုရားဆိုတာ အစွမ်းတန်ခိုး ရှိရုံနဲ့ မရဘူး။
“ကရုဏာ” ဆိုတဲ့ အကြင်နာတရား လည်း ရှိရမယ်။
အကယ်၍ “ကရုဏာ” ဆိုတဲ့ “အကြင်နာတရား” မရှိလို့ရှိရင် ကိုယ်ဖန်ဆင်းထားတဲ့ သတ္တဝါတွေကို ဒဏ်ခတ်ပြီး အပြစ်ပေးတာမျိုး ဖြစ်လာမယ်။
“ကရုဏာ” ရှိမှ သတ္တဝါတွေအားလုံးကို ညီတူညီမျှ သနားကြင်နာမှုဆိုတာရှိမယ်။ “ကရုဏာ” ဆိုတဲ့ သဘောတရားက ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တဲ့သဘော၊ ဒုက္ခရောက်နေတဲ့သတ္တဝါတွေ မရောက်စေချင်တဲ့သဘောကိုခေါ်တယ်။
အကယ်၍ ‘ကရုဏာ’ မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ်။
ပါမောက္ခချုပ်ဆရာတော်
ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ တရားတော် မှ ကောက်နှုတ်ပူဇော်ပါသည်။
ကောက်နှုတ်ပူဇော်သူ KhinThuThuAungSan
ဓာတ်ပုံ ဓမ္မအလင်း မိသားစုမှပူဇော်ပါသည်။