လှုပ်ရှားမှု ပုံရိပ်များ
အားကိုးခြင်း တရားဒေသနာနှင့် အသက်ရှည်လေ ပိုကောင်းလေ တရားတော်မှကောက်နှုတ်ချက်
အားကိုးခြင်း
ပုဂ္ဂိုလ်ကိုအားကိုးခြင်းနှင့် ဓမ္မကိုအားကိုးခြင်းလို့ အားကိုးခြင်း ၂-မျိုး ရှိတယ်။ မြတ်ဗုဒ္ဓက “သင်္ခါရတရားတွေကို မပျက်ပါစေနဲ့လို့ ဘယ်သူမှ လုပ်လို့မရဘူး၊ အားလုံးဟာ အချိန်တန်တော့ ပျက်စီးဆုံးရှုံးသွားမှာပဲလို့ ငါအကြိမ်ကြိမ်ဟောခဲ့တယ် မဟုတ်လား။ အဲဒါကြောင့် အားကိုးရာရှာလို့ရှိရင် ပုဂ္ဂိုလ်ကိုအားမကိုးဘဲ ဓမ္မကိုသာ အားကိုး” လို့ ဟောခဲ့တယ်။
မြတ်စွာဘုရားရဲ့ဆိုလိုရင်း အဓိပ္ပါယ်က ပုဂ္ဂိုလ်တစ်ယောက်ကို အားကိုးပြီ ဆိုရင် ကိုယ်အားကိုးတဲ့ ပုဂ္ဂိုလ်က မကြာခင်ဘဝပြောင်းသွားတာမျိုးတွေ ဖြစ်တတ် တယ်၊ ပျက်စီးသွားတယ်၊ ဆုံးရှုံးသွားတယ်ဆိုရင် ကိုယ့်မှာအားကိုးရာမဲ့သွားတတ် တယ်။ အားကိုးစရာမရှိ ဖြစ်သွားတတ်တယ်။
ရောဂါဝေဒနာဖြစ်လို့ ဒုက္ခရောက်ပြီဆိုရင် အားကိုးရာမရှိတော့ဘူး၊ အမေက လည်း မတတ်နိုင်ဘူး၊ အဖေကလည်း မတတ်နိုင်ဘူး၊ ညီအစ်ကို မောင်နှမတွေ လည်း မတတ်နိုင်ကြဘူး၊ ဆေးဆရာတွေကလည်း မတတ်နိုင်ကြဘူး၊ အဲဒီအချိန်မှာ ဘယ်သူ့ကိုမှအားကိုးလို့ မရဘူး။ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ- ကိုယ့်ကိုကိုယ်အားကိုးပြီး နေထိုင်ကြ”လို့ ဟောတော်မူတယ်။
ကိုယ့်ကိုကိုယ်အားကိုးဆိုတာ တခြားအရာကိုပြောတာ မဟုတ်ဘူး။ ဓမ္မဒီပါ ဝိဟရထ-တရားကို အားကိုးရမယ်၊ ဓမ္မသရဏာ- တရားဆိုတဲ့ ကိုးကွယ်ရာကို ရှာထားရမယ်။ ဆိုလိုတာက ကိုယ့်တရားကို ကိုယ် အားကိုး ရမယ်။ အဲဒါမှ ထာဝရ အားကိုးရာအစစ်ဖြစ်တယ်။ ထာဝရအားကိုးရာဟာ ဓမ္မပဲဖြစ်တယ်
အသက်ရှည်လေ ပိုကောင်းလေ
“လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်သလား” လို့ မေးခွန်းထုတ်စရာရှိတယ်။ လူတိုင်းကတော့ အသက်ရှည်ချင်ကြတာချည့်ပဲ၊ ဒါကြောင့် “အသက်ရှည်ကြပါစေ၊ ကျန်းမာကြပါစေ” ဆိုတဲ့ ဆုတောင်းဆုယူမှု ပြုကြတာဖြစ်တယ်။ လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ လူတိုင်းလိုလား ကြတာဖြစ်တယ်၊ သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး အဖြေရှာသင့်တယ်။
ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့လို သက်တော်(၉ဝ) အရွယ်ထိအောင် ကျန်းကျန်းမာမာ အသက်ရှည်နေတာမျိုးဟာ တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်သည့် အတွက်ကြောင့် ဆရာတော်ဘုရားကြီးအဖို့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ပြောရမလို ဖြစ်နေတယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ် တွေဟာ အသက်ရှည်လေ ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး ရောက်နိုင် သလဲ၊ လူတိုင်းလူတိုင်းအဖို့ အသက်ရှည်ခြင်းဟာကောင်းတာမဟုတ်ဘူး၊ အသက်ရှည်ပြီး မကောင်းမှုအကုသိုလ် တွေ များတဲ့ပုဂ္ဂိုလ်တွေဆိုရင် အသက်ရှည်တာ မကောင်းဘူး၊ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုးကြီးမားလေလေ၊
အသက်ရှည်လေလေ အကုသိုလ်ဝန်ပိလာလေလေ။