လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်သည့် မြတ်ဗုဒ္ဓဟောကြားသည့် Conventional Truth နဲ့ Absolute Truth
ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်သည့် မြတ်ဗုဒ္ဓဟောကြား Conventional Truth နဲ့ Absolute Truth (သမုတိနဲ့ပရမတ္ထ) တရား ကို ဒေါက်တာ အရှင်ဣန္ဒာစရိယ မှ အနှစ်ချုပ်ရေးသားပူဇော်ထားသည်ကို ဖေါ်ပြအပ်ပါသည်။
ဗုဒ္ဓက တရားကို Level နှစ်ခုနဲ့ဟောတယ်။ conventional Truth နဲ့ Absolute Truth (သမုတိနဲ့ပရမတ္ထ)၊ အဲဒီ level- ၂-ခုကို သွားရောလို့မရဘူး၊ သမုတိဆင့်မှာ လူဆိုတာရှိတယ်, နတ်ဆိုတာရှိတယ်, အဖေ အမေဆိုတာရှိတယ်။ မိတ်ဆွေကောင်း- မိတ် ဆွေမကောင်းရှိတယ်။ လူကျင့်ဝတ်အနေနှင့် မင်္ဂလသုတ်,မေတ္တာပို့ဖို့အတွက် မေတ္တသုတ်တို့ဟောထားတာဟာ conventional truth (သမုတိ) အနေနဲ့ဟောတာ။
သတ္တဝါရှိတယ်ဆိုကတည်းက သူနဲ့ငါ ဖြစ်လာပြီ, ချစ်ခြင်း မုန်းခြင်းတွေလာပြီ, ဘယ်တော့မှတန်းတူ မဖြစ်နိုင်ဘူး၊ ခွဲခြားမှုတွေဖြစ်လာတယ်, ခွဲခြားတယ်ဆိုကတည်းက မတရားမှုလုပ်ဖို့လွယ်သွားပြီ, အဂတိတွေဖြစ်လာမယ်, အဂတိဖြစ်လာတော့ ကိလေသာတွေဝင်လာတယ်, ကိလေသာတွေအကြောင်းပြုပြီး Action ဆိုတဲ့ အကြောင်းတရားတွေလုပ်လာတယ်, Action ရှိရင် Reaction ဆိုတာ ရှိမယ်၊ လာမယ်၊ အဲဒါနဲ့ပဲ ဒီသံသရာကြီးထဲလည်ကြရတာ…
conventional truth သမုတိ-level မှာ ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ်, ဘယ်လောက်ပဲချမ်းသာချမ်းသာ သေဆုံးခြင်းနဲ့ပဲအဆုံးသတ်မှာ, ထာဝရဆိုတာမရှိဘူး တစ်ခဏပဲ…
တခဏဆိုတာမလိုချင်တော့ဘူး, ထာဝရဖြစ်ချင်လာတယ်ဆိုရင် Absolute level (ပရမတ္ထ)ကိုရသွားမယ်, အဲဒီကြတော့ သတ္တဝါမရှိဘူး။ ဒုက္ခကြီးကိုအဆုံး သတ်ချင်လို့သွားကြတာ, နခသိခသုတ်နဲ့ဂေါမယပိဏ္ဍသုတ်မှာ သင်္ခါရတရားတွေဟာ နွားချီးခဲလောက်တောင်မမြဲဘူး, လက်သဲပေါ်ကမြေမှုန်လောက်တောင် မြဲတဲ့အရာမရှိဘူးလို့ဘုရားဟောတယ်။
ဗြဟ္မစရိယဝါသော န ပညာယတိ-တရားကျင့်တယ်ဆိုတာ မမြဲလို့ကျင့်ရတာ, (မြဲအောင်လုပ်ဖို့လားဆိုတော့မဟုတ်ဘူး) မမြဲအရာအဆုံးသတ်အောင်ကျင့်ရတာ, အဲဒီ Absolute level ကြတော့ ဘုရားက ၂ မျိုးထဲပဲဟော ဒုက္ခနဲ့ဒုက္ခနိရောဓ။ သတ္တဝါရှိတယ်လို့မဟောဘူး။ အလဂဒ္ဒူပမသုတ်မှာ ဝိမုတ္တစိတ္တ=လွတ်မြောက်တဲ့စိတ်ရှိတဲ့ ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘဝချုပ်ပြီးရင် ပရိနိဗ္ဗုတော ငြိမ်းသွားပြီလို့ပဲဟောတယ်…
ဘာသာခြားတွေကဘာပြောလဲဆိုရင် ရဟန်းဂေါတမရဲ့ဝါဒက ရဟန္တာဖြစ်ပြီဆိုရင် လောကကြီးထဲကပျောက်သွားတာ, ရဟန်းဂေါတမဟာ သတ္တဝိနာယက-သတ္တဝါတွေကို ဖောက်ဖျက်ပစ်တဲ့နည်ကြီးပဲ, ကြောက်စရာကောင်းတယ်။ ဒီလမ်းစဥ်ကြီးက ဥပမာ လူတစ်ထောင်ရဟန္တာဖြစ်ရင် အဲဒီလူတစ်ထောင်က ပြန်လမ်းမရှိတော့ဘူးလို့ စွပ်စွဲကြတယ်, မြတ်စွာ ဘုရားက ငါက အရင်တုံးကရော အခုရော သတ္တဝါရှိတယ်လို့ ဟောမှမဟောတာ, ငါဟောတာက ဒုက္ခနဲ့ဒုက္ခနိရောဓပဲလို့
ဘုရားတုန့်ပြန်တယ်..အဲဒါက Absolute level စသည်ဖြင့် တန်းဘိုးကြီးလှဓမ္မသြဝါဒတွေ ချီးပေးသနားပါသည်…
သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်းမြင်ဝါဒ ထွန်းကားပါစေ
ဒေါက်တာ အရှင်ဣန္ဒာစရိယ
သီတဂူ ဝိပဿနာအကယ်ဒမီ၊ စစ်ကိုင်း
13.3.2024